
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွက် ဘယ်ကစားသမားကိုမှ အနားပေးသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့တဲ့ အာတီတာ
လာမယ့်သီတင်းပတ်၊ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းအနေဖြင့် အခုသီတင်းပတ်၊ ကြားရက် ခရစ္စတယ်ပဲလေ့စ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတွေကို အနားပေးဖို့နဲ့ အသင်းလူစာရင်းပိုင်းကို လှည့်လည်အသုံးပြုသွားဖို့အတွက် အကြောင်းအရင်းမရှိပါဘူးလို့ နည်းပြအာတီတာက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
အမှတ်ပေးဇယားဒုတိယနေရာမှာ ရမှတ် ၆၆ မှတ်ဖြင့် ရပ်တည်နေတဲ့ အာဆင်နယ်က အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးရဲ့ ချန်ပီယံဆုဆွတ်ခူးဖို့ အလွန်နီးစပ်နေတဲ့အခြေအနေတွေကြောင့် ချန်ပီယံပြေးလမ်းမှ ထွက်ခွာလာခဲ့ရပါပြီ။ အာတီတာရဲ့အသင်းက အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားပြိုင်ပွဲတွေမှ ထွက်ခွာခဲ့ရပြီးဖြစ်လို့ သူတို့အသင်းအတွက် အခုရာသီ၊ ဆုဖလားမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းသာ ကျန်ရှိပါတော့တယ်။ ဒါပေမယ့် အာတီတာကတော့ အမှတ်ပေးဇယားအဆင့်-၁၂ နေရာရှိ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အဓိကကစားသမားတွေချန်လှပ်နိုင်ဖို့ဖြစ်နိုင်ခြေကို ပယ်ချသွားခဲ့ပါတယ်။
အမ်းမရိတ်စ်ကွင်းဗုဒ္ဓဟူးနေ့ပွဲစဉ်မတိုင်ခင် အာတီတာက “ အဲ့ဒီလိုအတွေးအခေါ်မျိုး ကျွန်တော်တို့မှာ မရှိပါဘူး။ ကြံ့ခိုင်မှုပြည့်ဝပြီး ပွဲကစားချင်တယ်ဆိုရင် ကစားသမားတွေကိုယ်တိုင် ပွဲစဉ်ကို ပါဝင်ကစားသွားရပါမယ်။ သူတို့က အကောင်းဆုံးပုံစံမှာရှိနေပြီး စွမ်းဆောင်ရည်ပိုင်းအပြင် ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ တည်ငြိမ်မှုအပြည့် ရှိနေပါတယ်။ ကစားသမားတွေက ရစ်သမ်မိနေပြီး ဒါက အကောင်းဆုံးအခိုက်အတန့်မျိုးမှာသာ ရရှိနိုင်တာပါ။သူတို့သာ မကစားနိုင်ဘူးဆိုရင် ဆွေးနွေးစရာလည်း မရှိတော့ပါဘူး။ သူတို့သာ ပုံစံကောင်းတစ်ရပ်မှာ မရှိနေဘူးဆိုရင် ကျွန်တော်တို့ကလည်း ပွဲကစားခွင့်ပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့သာ ကစားနိုင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ပွဲကစားခွင့်ပေးရပါလိမ့်မယ်”လို့ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပြောပါတယ်။
အာဆင်နယ်သာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်မယ်ဆိုရင် လီဗာပူးက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် တရားဝင်သရဖူဆောင်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် မာဆေးဆိုဒ်ကလပ်ကပ္ပတိန်ဗန်ဒိုက်ကလည်း အာဆင်နယ်အသင်းပွဲစဉ်ကိုကြည့်ရှုရန် သူတို့အသင်းကစားသမားအားလုံး စုဝေးသွားနိုင်တယ်လို့ အစောပိုင်းမှာ ပြောကြားထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အာဆင်နယ်ရဲ့အနိုင်ရလိုစိတ်ကို ပိုမိုတွန်းအားဖြစ်စေသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ အာတီတာက “ ကျွန်တော်တို့အတွက် မက်လုံးက ကိုယ့်ပွဲစဉ်ကို အနိုင်ရရှိဖို့နဲ့ အခုပုံစံအတိုင်း ဆက်သွားနိုင်ရေး အကောင်းဆုံးကြိုးစားသွားဖို့ပဲ ဖြစ်ပါတယ်။ ကျန်တာတွေကိုတော့ ကျွန်တော်တို့လည်း မထိန်းချုပ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အစ်ဆွစ်ချ်တောင်းကို လေးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားတစ်ဦးနဲ့ ထိခိုက်မိကာ ဒဏ်ရာရရှိသွားတဲ့ ဆာကာရဲ့နောက်ဆုံးအခြေအနေကိုလည်း စပိန်သားနည်းပြက ပြောပြခဲ့ပါတယ်။ အာတီတာက “ အမှန်ပါပဲ၊ လေ့ကျင့်ရေးအစီအစဉ်တွေအပြီးမှာ သူ့ရဲ့တုံ့ပြန်ပုံတွေ ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဒါပေမယ့် သူ့ဆီမှာ ပြင်းထန်ဒဏ်ရာရရှိနေပုံတော့ မတွေ့ရပါဘူး။ မနက်ဖြန်ပွဲစဉ်ကို ကစားနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခု သူ့မှာရှိနေတယ်လို့ ထင်ပါတယ်။ ကာလာဖီအိုရီနဲ့ ဂျော်ဂျင်ဟိုတို့တော့ မကစားနိုင်ပါဘူး။ ကံမကောင်းစွာနဲ့ဘဲ ဂျော်ဂျင်ဟိုက သီတင်းပတ်အနည်းငယ်လောက် အနားယူသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အပြီး အာဆင်နယ်က ဧပြီ ၂၉ ရက်၊ ပီအက်စ်ဂျီကို ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မတိုင်ခင် ခြောက်ရက်ခန့် အနားရရှိသွားပါလိမ့်မယ်။
အာတီတာက “ ကျွန်တော်တို့မှာ အပိုအားလပ်ရက်တွေ ရှိပါတယ်။ အထူးသဖြင့် ကစားသမားတွေ လာခဲ့ရတဲ့ နေရာနဲ့ သူတို့ကစားပေးနိုင်တဲ့ မိနစ်အတိုင်းအတာပမာဏတို့ကြောင့် ကျွန်တော်တို့မှာလည်း ရွေးချယ်စရာ များများစားစားမရှိပါဘူး။ကျွန်တော်တို့မှာ ရွေးချယ်စရာ နည်းပါးနေလို့ အခုလိုအားလပ်ရက်အနည်းငယ်လေးရရှိတာ ကောင်းပါတယ်”လို့ ပြောပါတယ်။