The network connection is lost.

Banner Image

ဘာတာကို အားကစား ဒါရိုက်တာသစ်အဖြစ် ခန့်အပ်ရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းရဲ့ အားကစား ဒါရိုက်တာဟောင်း အန်ဒရီယာဘာတာကို အားကစား ဒါရိုက်တာသစ်အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေပြီး၊ သဘောတူညီမှု ရရှိထားပြီလို့ The Athletic သတင်းထောက် ဒေးဗစ် အော်န်စတိန်းက ဖော်ပြခဲ့ပါတယ်။ ဒီခန့်အပ်မှုဟာ ယခုရာသီအစောပိုင်းမှာ အီဒူး ဂတ်စပါ ထွက်ခွာသွားပြီးနောက် အာဆင်နယ်ရဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းပုံကို အားဖြည့်ဖို့ လုပ်ဆောင်မှု တစ်ရပ်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စာချုပ်တွေ အပြီးသတ်နေပြီလို့ သိရပါတယ်။  

အသက် ၅၃ နှစ်ရှိ ဘာတာ ဟာ အက်သလက်တီကိုမှာ ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဇန်နဝါရီ ၂၀၂၅ မှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ အက်သလက်တီကိုဟာ လာလီဂါ ချန်ပီယံ ဆု ၂ ကြိမ် (၂၀၁၃-၁၄ နဲ့ ၂၀၂၀-၂၁)၊ ယူရိုပါလိဂ် ဖလား ၁ ကြိမ် (၂၀၁၇-၁၈) ရယူနိုင်ခဲ့ပြီး၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို ၂ ကြိမ် (၂၀၁၃-၁၄ နဲ့ ၂၀၁၅-၁၆) တက်ရောက်ခဲ့ပါတယ်။ ဘာတာဟာ စပိန်အင်အားကြီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်း တည်ဆောက်ဖို့ အပြောင်းအရွှေ့ ဗျူဟာတွေကို အောင်မြင်စွာ ကြီးကြပ်ခဲ့သူပါ။  

၂၀၁၃ မှာ နည်းစနစ် ဒါရိုက်တာ အဖြစ် အက်သလက်တီကိုထံ စတင်ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၇ မှာ အားကစား ဒါရိုက်တာ အဖြစ် ရာထူးတိုးခဲ့ပါတယ်။ သူ့လက်ထက်မှာ ဂျာအိုဖီးလစ်၊ အန်တိုနီဂရစ်ဇ်မန်း၊ ဂျူလီယန် အယ်ဗာရက်ဇ် နဲ့ ကော်နာ ဂယ်လက်ဟာ  တို့လို နာမည်ကြီး ကစားသမားတွေ ခေါ်ယူရာမှာ အဓိက ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အီတလီကလပ်တွေဖြစ်တဲ့ ပါးမားနဲ့ ဂျီနိုအာ တို့မှာလည်း အတွေ့အကြုံ ရရှိထားသူပါ။  

ဘာတာဟာ အာဆင်နယ်ကို ဦးစားပေးရွေးချယ်ခဲ့ပြီး အခြားထိပ်တန်း အခွင့်အရေးတွေကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အီဒူး ထွက်ခွာပြီးနောက် ဂျေဆင် အိုင်တိုကို ယာယီ အားကစား ဒါရိုက်တာအဖြစ် တာဝန်ပေးထားခဲ့ပြီး၊ အီဒူးကတော့ နော်တင်ဟမ် ဖောရက်စ် နဲ့ အိုလံပီယာကို ပိုင်ဆိုင်သူ အီဗန်ဂျယ်လော့ မာရီနာကစ် ရဲ့ ကလပ်အုပ်စုမှာ လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ 
 
မန်နေဂျာ မီခယ် အာတီတာ က အားကစား ဒါရိုက်တာသစ် ခန့်အပ်မှုကို “တော်တော်လေး မြန်မြန်ဆန်ဆန်” လုပ်ဆောင်မယ်လို့ ပြီးခဲ့တဲ့ လမှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။ 
“ဂျေဆင်ကို အီဒူး ထွက်သွားကတည်းက တာဝန်ပြည့်ပေးထားပြီး၊ ကျွန်တော်တို့ရဲ့ အပြည့်အဝ ထောက်ပံ့မှုကို ရထားပါတယ်။ ဒါပေမယ့် နောက်ထပ် ဘာလုပ်မလဲဆိုတာက ကျွန်တော့်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒါက ကလပ်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး၊ သူတို့ အကောင်းဆုံးလို့ ယုံကြည်တဲ့ သူကို ရွေးမှာပါ” လို့ အာတီတာက ပြောခဲ့ပါတယ်။  ဘာတာ ရောက်ရှိလာမှုဟာ အာဆင်နယ်အသင်းရဲ့ ပြည်တွင်းနဲ့ ဥရောပ ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းနေချိန်မှာ၊ အုပ်ချုပ်ရေးပိုင်းကို ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။