The network connection is lost.

Banner Image

အာဆင်နယ်အသင်းရဲ့ဘုတ်အဖွဲ့ အပြောင်းအလဲဖြစ်ပြီး တင်လူးဝစ် ရာထူးကနေ နုတ်ထွက်

တင် လူးဝစ်ဟာ အာဆင်နယ်ရဲ့ ပိုင်ရှင်အဖွဲ့ဖြစ်တဲ့ Kroenke Sports & Entertainment အတွက် ၁၈ နှစ်ကြာ အကြံပေးလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဒါရိုက်တာဖြစ်လာခဲ့ကာ ၂ နှစ်ခွဲအကြာမှာ လက်ရှိရာထူးကို ရရှိခဲ့ပါတယ်။ လူးဝစ်ဟာ အာဆင်နယ်နည်းပြ မီခယ်လ် အာတေတာနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့အပြင် သူဟာ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ခရစ္စတယ် ပဲလေ့စ်အသင်းကနေ ကွင်းလယ်လူ အေဘီရီချီ အီးဇီးကို ခေါ်ယူခဲ့တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ယူဆရပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လူးဝစ်ရဲ့ ရာထူးကနေ နုတ်ထွက်ချိန်က “အံ့အားသင့်စရာကောင်းနေ” ပေမဲ့ ကန့်လန့်ကာနောက်ကွယ်မှာတော့ “အားလုံးကြားမှာ ရေပန်းစားခဲ့သူတော့ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ အဆိုပါသတင်းဌာနကတော့ အာဆင်နယ်အသင်းဟာ “ခေတ်သစ်တစ်ခု” ထဲကို ဝင်ရောက်နေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပြီး ပူးတွဲဥက္ကဋ္ဌ ဂျော့ရှ် ကရိုအန်ကီက ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး အုပ်ချုပ်မှုဒါရိုက်တာ ရစ်ချတ် ဂါလစ်ခ်ကတော့ ကလပ်အသင်းရဲ့ စီအီးအိုအသစ်ဖြစ်လာမှာပါ။

အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင်မှုပုံစံ အပြောင်းအလဲမှာ KSE ကိုယ်စားလှယ်အသစ် နှစ်ဦးဖြစ်တဲ့ ကယ်လီ ဘလာဟာနဲ့ အိုတို မာလီတို့အပြင် ဒေးဗ် စတိုင်နာနဲ့ ဘန် ဝင်စတန်တို့လည်း ကလပ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေအဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းပိုင်ရှင် စတန် ကရိုအန်ကီရဲ့ သားဖြစ်တဲ့ ဂျော့ရှ် ကရိုအန်ကီက ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်သို့ “အာဆင်နယ်အသင်းရဲ့ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် အရမ်းကို အောင်မြင်တဲ့ကာလတစ်ခု ပြီးနောက် ရစ်ချ် ဂါလစ်ခ်ကို စီအီးအိုအဖြစ် ရာထူးတိုးမြှင့်လိုက်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်”

“ဒီအချိန်မှာ ကလပ်အသင်းအတွက် အပြောင်းအလဲဖြစ်နေတဲ့ကာလအတွင်းမှာ အာဆင်နယ်အတွက် စိတ်အားထက်သန်မှုနဲ့ ကတိကဝတ်တွေ ဆက်လက်ထားရှိခဲ့တဲ့ တင် လူးဝစ်ကို ကျေးဇူးတင်ပါတယ်” “သူက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အဓိကဖလားတွေကို အနိုင်ရရှိဖို့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကောင်းမွန်တဲ့အနေအထားတစ်ခုကို ရောက်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်”

“အမြဲတမ်းရှေ့ကို ဆက်သွားချင်တဲ့ ကျွန်တော်တို့ရဲ့ဆန္ဒနဲ့အညီ မတူညီတဲ့ ပညာရပ်ပိုင်းတွေမှာ ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေပါလာမယ့် ထူးခြားတဲ့ပုဂ္ဂိုလ်တချို့နဲ့ ကျွန်တော်တို့ရဲ့ ဘုတ်အဖွဲ့ကို အင်အားဖြည့်တင်းသွားပါ့မယ်” “အဖွဲ့ဝင်တွေက အာဆင်နယ်ကို သိရှိပြီး ချစ်မြတ်နိုးကြပါတယ်။ သူတို့က မတူညီတဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပြီး ကျွန်တော်တို့အားလုံးရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ပံ့ပိုးပေးဖို့အတွက် အတွေးအခေါ်အသစ်တွေနဲ့ စွမ်းအင်တွေကို ထည့်သွင်းပေးပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၄-၂၅ ရာသီကို အာဆင်နယ်အသင်း ပရီးမီးယားလိဂ်မှာ တတိယအကြိမ်မြောက် ဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့ပြီးနောက် ကရိုအန်ကီက ပြီးခဲ့တဲ့ မေလက မှတ်ချက်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို မရရှိသေးပါဘူး။ “ကလပ်အသင်းအနေနဲ့ ကျွန်တော်တို့က အဓိကဖလားတွေ ရရှိဖို့ ကြိုးစားနေပါတယ်။ ယောက်ျားလေးအသင်းမှာ ကျွန်တော်တို့အားလုံး လိုချင်တာကို ဒီရာသီမှာ မပြည့်မီခဲ့ဘူးဆိုတာကို သိပါတယ်”

“မြူးနစ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်သို့ မရောက်ခဲ့ပေမဲ့ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တာက ဒီရာသီရဲ့ အကောင်းဆုံးညအချို့ကို ဖန်တီးပေးခဲ့ပါတယ်” “ရီးရဲလ်မက်ဒရစ်နဲ့ ကျွန်တော်တို့ရဲ့ပွဲက အမ်မရိတ်စ်ကွင်းမှာ ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ အကောင်းဆုံးပွဲတွေနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲပါပဲ။ ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ပွဲက အဲဒီကို သွားရောက်နိုင်ခဲ့တဲ့ ကံကောင်းသူတွေနဲ့အတူ အမြဲတမ်း အသက်ဝင်နေမှာပါ”

“နည်းပြ မီခယ်လ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့အပြင် ကစားသမားတွေက ဒီရာသီတစ်လျှောက်လုံးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအခြေအနေတွေမှာ သူတို့ စီမံခန့်ခွဲပုံအပေါ် ချီးကျူးချင်ပါတယ်။ ဒီလိုအချိန်တွေမှာ သင်အများကြီး သင်ယူနိုင်ပါတယ်” “နောက်ဆုံးမှာတော့ ကျွန်တော်တို့အားလုံး တူညီတဲ့အရာတွေကို လိုချင်ကြပါတယ်။ သင်တို့လိုပဲ ကျွန်တော်တို့လည်း အောင်မြင်မှုအတွက် ဆာလောင်နေပါတယ်။ ဒါက ကလပ်အတွက် လုပ်ကိုင်ပေးနေတဲ့ လူတိုင်းအတွက်ပါ” လို့ ကရိုအန်ကီက ပြောကြားခဲ့ပါတယ်။