The network connection is lost.

Banner Image

မိုနာကိုနဲ့ပွဲမှာ ၂ ဂိုးအထိသွင်းနိုင်ခဲ့တဲ့ ဆာကာရဲ့စွမ်းဆောင်ရည်က သူ့အတွက် အံ့ဩစရာမဟုတ်ဘူးလို့ ဆိုလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယနေ့နံနက်က မိုနာကိုကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့တဲ့အပြင် အသင်းအတွက် သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဘူကာယိုဆာကာရဲ့ စွမ်းဆောင်ရည်က သူ့အတွက်တော့ အံ့ဩစရာမဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ဆာကာဟာ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပွဲစဉ် ၁၄ ပွဲကစားထားရာမှာ ၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။ အာတီတာက “သူဒီလိုစွမ်းဆောင်နိုင်ခဲ့တာ ကျွန်တော့်အတွက်တော့ အံ့ဩစရာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့လိုကစားနိုင်ဖို့က အရမ်းခက်ခဲပါတယ်။ ဒါက သူ့မှာရှိတဲ့ အရည်သွေးပါပဲ။ ဆာကာက ရည်မှန်းချက်ကြီးမားပြီး နေ့ရက်တိုင်းမှာ ကြိုးစားပြင်ဆင်နေတဲ့ ကစားသမားတစ်ယောက်ပါ”

“ဒီလိုတသမတ်တည်းရှိတဲ့ခြေစွမ်းမျိုးရှိမှပဲ အာဆင်နယ်အတွက် ဒီလိုနေရာမှာ ကာလရှည်ကစားနိုင်ပါလိမ့်မယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၆ နှစ်တာအတောအတွင်းမှာ ခြေစွမ်းမကျဘဲ ဒီလိုစွမ်းဆောင်ထားနိုင်ထားတာ ချီးကျူးစရာပါ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တိုးတက်ဖို့ပါ။ သူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးအရ သူဒီထက်လည်းပိုပြီး တိုးတက်လာဦးမယ်ဆိုတာ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲရလဒ်ကြောင့် အာဆင်နယ်ဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီး ထိပ်ဆုံး ၈ သင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အလားအလာကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး အာတီတာက “ကျွန်တော်တို့ ဒီပွဲမှာ ၄ ဂိုး ၅ ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ဒီလောက်အထိမသွင်းနိုင်တာ ပြဿနာတော့မဟုတ်ပါဘူး။ ဒါကချန်ပီယံလိဂ်ပါ။ ပြိုင်ဘက်တွေရဲ့အရည်အသွေးကလည်း အရမ်းမြင့်ပါတယ်။ဒုတိယပိုင်း ကျွန်တော်တို့ ဒုတိယအနိုင်ဂိုးသွင်းပြီးချိန်မှာတော့ အသင်းကမှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်လာပါတယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ အသင်းက အပြုသဘောဆောင်တဲ့အချက်တွေအများကြီးရှိခဲ့ပါတယ်”

“လက်ရှိရောက်ရှိနေတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ ကျေနပ်ပါတယ်။ ဒီလိုဖြစ်ဖို့ အချိန်တွေအများကြီးပေးဆပ်ခဲ့ရပါတယ်။ ဒါပေမယ့် လမ်းကြောင်းမှန်ပေါ်မှာ ကာလရှည်ရပ်တည်ဖို့အတွက်တော့ လုပ်စရာတွေအများကြီးရှိပါသေးတယ်။ လုပ်နိုင်မယ်ဆိုတာလည်း သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာတီတာဟာ အသင်းရဲ့ဘယ်နောက်ခံလူတွေဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ကာလာဖီအိုရီတို့ ဒဏ်ရာရနေတာကြောင့် အသက်-၁၈ နှစ်အရွယ်လူငယ်ကစားသမားလေး လူးဝစ်စကယ်လီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ စကယ်လီဟာ ၂၀၁၁ ခုနှစ်မှာ အာဆင်နယ်အတွက် ပွဲထွက်ပါဝင်ကစားရင်း ကလပ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ပွဲစဉ်ကစားခွင့်ရခဲ့တဲ့ ချန်ဘာလိန်ကိုကျော်ဖြတ်ပြီး အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

စကယ်လီနဲ့ပတ်သက်ပြီးတော့လည်း အာတီတာက “သူ့အတွက် ဂုဏ်ယူပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါပဲ။ အသက်-၁၈ နှစ်အရွယ်မှာပဲ ချန်ပီယံလိဂ်ကစားခွင့်ရနေပါပြီ။ သူ့ရဲ့ကစားပုံကိုကြည့်ရတာ တကယ်စိတ်ကျေနပ်စရာပါ။ ပြီးတော့ အခွင့်အရေးကိုလည်း အမိအရယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီလိုအဆင့်အတန်းမှာ ကစားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်။ ဒီနေ့သူ့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်အများကြီးကျေနပ်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။