The network connection is lost.

Banner Image

အဲဗာတန် ကွင်းလယ်ကစားသမား အိုနာနာကို‌ ခေါ်ယူဖို့ ချဉ်းကပ်မှုတွေလုပ်နေတဲ့ အာဆင်နယ်

အယ်လ်နီနီ ထွက်ခွာသွားပြီးနောက် ယခုနွေရာသီတွင် ဗဟိုကွင်းလယ်လူသစ်တစ်ဦးကို ခေါ်ယူရန် အာတီတာက ကြိုးပမ်းနေသလို သောမတ်စ်ပါတေးကလည်း အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုများ ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင် အိုနာနာဟာ အာဆင်နယ်၊ ချဲလ်ဆီးနှင့် ယူနိုက်တက်တို့အပါအဝင် ပရီးမီးယားလိဂ်ကလပ်များစွာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ သို့သော်လည်း Liverpool Echo ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ အိုနာနာကို ခေါ်ယူနိုင်ရေးနဲ့ ပတ်သက်ပြီး အဲဗာတန်ထံ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ယခုလတွင် အပြောင်းအရွှေ့ကို ပထမဆုံးလုပ်ဆောင်မယ့် အသင်းဖြစ်ကြောင်း သိရပါတယ်။

ယခုရာသီတွင် သီးခြားဖောက်ဖျက်မှုနှစ်ခုအတွက် အပြစ်ပေးခံရပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်းများကို လိုက်နာရန် ဖိအားများခံနေရတဲ့ အဲဗာတန်ထံသို့ ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါတယ်။ အိုနာနာဟာ တနင်္လာနေ့ ဆလိုဗက်ကီးယားနှင့် ကစားမယ့် ယူရို ၂၀၂၄ အုပ်စုအဆင့်အဖွင့်ပွဲစဉ်အတွက် ပြင်ဆင်နေချိန်တွင် ဘယ်လ်ဂျီယံအသင်းနှင့် အတူရှိနေပါတယ်။

အိုနာနာအတွက် အာဆင်နယ်ရဲ့ချဉ်းကပ်မှုဟာ ယူနိုက်တက်ရဲ့ ဘရန့်ဝိတ်အတွက် ကနဦးကမ်းလှမ်းမှု မအောင်မြင်ခဲ့ပြီးနောက် တစ်ပတ်တည်းတွင် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် ၇၀ သန်း တောင်းဆိုနေတဲ့ အဲဗာတန်က ယူနိုက်တက်ရဲ့ ပထမဆုံး ကမ်းလှမ်းမှုဖြစ်တဲ့ ပေါင် ၄၅ သန်းကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အဲဗာတန်ဟာ အသင်းအား လွှဲပြောင်းရယူရန်အတွက် Friedkin Group နှင့် မူအရ သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ ခန့်မှန်းခြေအသားတင်ပိုင်ဆိုင်မှုပေါင် ၄.၈၁ ဘီလီယံရှိတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဒန်ဖရက်ကင်ဟာ စီးရီးအေကလပ် ရိုးမားကို ၂၀၂၀ ခုနှစ်တွင် ပေါင် ၅၅၂ သန်းဖြင့် ဝယ်ယူခဲ့ပါသေးတယ်။

ဖရက်ကင်ဟာ အဲဗာတန်ရဲ့ လက်ရှိပိုင်ရှင် မိုရှိနှင့် ဆွေးနွေးနေပြီး ဦးစားပေးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။