The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အာဆင်နယ်ရဲ့စံနှုန်းတွေ ကျဆင်းသွားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အာတီတာ

ပြိုင်ဘက်လီဗာပူးဆီ ပရီးမီးယားလိဂ်ဆုဖလား ထိုးအပ်ရလုနီးပါး ဖြစ်သွားတဲ့ ဒီနေ့မနက်ပိုင်း၊ ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ်ရဲ့စံနှုန်းတွေ ကျဆင်းသွားခဲ့တယ်လို့ အာတီတာက ဝန်ခံပြောဆိုခဲ့ပါတယ်။ မာတီတာရဲ့ပွဲချိန် ၈၃ မိနစ်သွင်းဂိုးက အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်အသင်းနိုင်ပွဲရရှိရေးကိစ္စကို ငြင်းဆန်ပယ်ချခဲ့ပြီး အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်းစလော့ရဲ့အသင်းက လာမယ့်တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရချိန်မှာ မရှုံးနိမ့်ခဲ့ဘူးဆိုရင် ပူးတွဲစံချိန်ရှင်အဖြစ် သူတို့ရဲ့အကြိမ်၂၀မြောက်အင်္ဂလန်ချန်ပီယံဘွဲ့ကို ဆွတ်ခူးသွားနိုင်ပါလိမ့်မယ်။

အခုပွဲစဉ်မှာ အာဆင်နယ်အတွက် ကီဝီအော်နဲ့ ထရိုဆက်ဒ်တို့က ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပေမယ့် အီဇီ၊ မာတီတာတို့က ဧည့်သည်တွေအတွက် လိုအပ်နေတဲ့ချေပဂိုးတွေကို အသီးသီးရှာဖွေခဲ့ပါတယ်။

အာတီတာက “ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ရဲ့စံနှုန်းတွေကို ကျွန်တော်တို့ကိုယ်တိုင် လျှော့ချခဲ့သလို ခရစ္စတယ်ပဲလေ့စ်ကိုလည်း အသိအမှတ်ပြုသွားရပါမယ်။ ပွဲချိန်အတွင်းမှာ ကျွန်တော်တို့ တည်ငြိမ်မှုရှိနေဖို့ ရုန်းကန်ခဲ့ရပါတယ်။ကျွန်တော်တို့အသင်းရဲ့ ဘောလုံးပေးပို့ပုံတွေက ရိုးရှင်းလွန်းခဲ့ပြီး လုပ်ခဲ့သမျှအရာရာတိုင်း နောက်ကျကျန်နေခဲ့ပါတယ်။ ကျွန်တော် စိတ်ပျက်မိပါတယ်”လို့ ပြောပါတယ်။

ဂန်းနားတိုက်စစ်မှူးထရိုဆက်ဒ်ကတော့ ပီအက်စ်ဂျီကို ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပ-ကျော့မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ထရိုဆက်ဒ်က “ အစ်ဆွစ်ချ်ကို လေးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်ရဲ့စွမ်းဆောင်ရည်နဲ့တောင် ဒီနေ့ပွဲစဉ်စွမ်းဆောင်ရည်ပိုင်းက မယှဉ်နိုင်ပါဘူး။ အနီးစပ်ဆုံးအခြေအနေမှာတောင် မရှိနေခဲ့လို့ ကျွန်တော်တို့ အပြစ်ပေးခံခဲ့ရပါတယ်။ လာမယ့်ပွဲကြီးပွဲကောင်းတွေမှာ ကျွန်တော်တို့ရဲ့အဆင့်အတန်းကို တိုးမြှင့်သွားဖို့ လိုအပ်ပါတယ်။ အခုတော့ အားလပ်ရက် ခြောက်ရက်အထိ ရှိလာလို့ ကောင်းပါတယ်။ ဒီကာလအတွင်း ပီအက်စ်ဂျီနဲ့ပွဲစဉ်အတွက် ရာနှုန်းပြည့်အာရုံစိုက်ပြင်ဆင်သွားရပါမယ်။အဲ့ဒီပွဲစဉ်မှာတော့ ဒီနေ့နဲ့မတူညီတဲ့ စွမ်းဆောင်ရည်တစ်ခု ထွက်ပေါ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ခရစ္စတယ်ပဲလေ့စ်က အမှတ်ပေးဇယားအဆင့်-၁၂ နေရာမှာ ရပ်တည်နေပြီး လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကို ဆက်ကစားသွားရပါမယ်။ ဒါပေမယ့် သူတို့တွေက အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမယ့် စနေနေ့၊ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်ဆီ ပိုမိုအာရုံစိုက်နေပါလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာက “ စနေနေ့၊ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အခုခွန်အားနဲ့ ယုံကြည်မှုကို ဆက်ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးသွားဖို့ မဟုတ်ပါဘူး။ ပွဲစဉ်အနိုင်ရရှိဖို့သာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်ပါတယ်။ သရေရလဒ်ကလည်း အရမ်းကောင်းတဲ့ရလဒ်ဖြစ်မယ်လို့ ထင်ပါတယ်။ အရေးအကြီးဆုံးကတော့ စွမ်းဆောင်ရည်ပါပဲ။ လမ်းကြောင်းမှန်ပေါ် ကျွန်တော်တို့ ပြန်ရောက်နေပါပြီ”လို့ ဆိုပါတယ်။