
ဟယ်ရီကိန်းလို တိုက်စစ်ကစားဟန်ရှိသူတစ်ဦးကို ခေါ်ယူဖွယ်ရှိတဲ့ အာဆင်နယ်
ပရီးမီးယားလိဂ်အကောင်းဆုံးတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် စာရင်းဝင်နေတဲ့ အိုင်ဗန်တိုနေးကို အာဆင်နယ်က ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သတင်းတွေမှာ ဖော်ပြလာပါတယ်။
The Mirror သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်က လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း တိုနေးကို အမ်းမရိတ်စ်ကွင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂန်းနားနည်းပြအာတီတာကလည်း အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးရဲ့ခြေစွမ်းကို ပုဂ္ဂိုလ်ရေးအရ ကြိုက်နှစ်သက်သူဖြစ်ပြီး အခုဘောလုံးရာသီ ဒုတိယရာသီဝက်ကာလနဲ့ လာမယ့်ဘောလုံးရာသီသစ်တွေ အတွက် မျှော်မှန်းကာ အသင်းလူစာရင်းအတွင်း ထည့်သွင်းလိုနေပါတယ်။
ဘရန့်ဖို့ဒ်ဘက်ကတော့ တိုနေးကို ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင် အလိုရှိနေတယ်လို့ The Mirror သတင်းဌာနမှ ဆက်လက်ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ တိုနေးက ပွဲပယ်ပြစ်ဒဏ်ကျခံနေရပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘောလုံးကစားခွင့် ပြန်လည်ရရှိလာပါလိမ့်မယ်။ သူက ပရီးမီးယားလိဂ်မှာ ၆၈ ပွဲအထိ ကစားထားပြီး ၃၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ကိုးကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဂန်းနားကြယ်ပွင့်ဟောင်းနဲ့ Sky Sports ဘောလုံးသုံးသပ်သူ ပေါလ်မာဆန်ကတော့ တိုးနေးကို ဟယ်ရီကိန်းလိုကစားသမားမျိုးလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် စာရင်းဝင်နေတဲ့ ဟယ်ရီကိန်းက အခုနွေရာသီအပြောင်းအရွှေ့အတွင်း တော့တင်ဟမ်မှ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဟယ်ရီကိန်းက အထောင်တိုက်စစ်မှူးနေရာမှာ ကစားနိုင်သလို နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူဖြစ်ပါတယ်။ မာဆန်ကတော့ တိုနေးဟာ အလားတူကစားသမားမျိုးပဲလို့ ဆိုပါတယ်။
မာဆန်က “တိုနေးဟာ နံပါတ်-၉/ နံပါတ်-၁၀ နေရာတွေမှာ ကစားနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဟယ်ရီကိန်းလို ကစားသမားမျိုးပါ။ ဟယ်ရီကိန်းရဲ့ကစားဟန်နဲ့ အတော်လေးဆင်တူတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်”လို့ ပြောပါတယ်။