The network connection is lost.

Banner Image

ဇူဘီမန်ဒီကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရီးရဲလ်ဆိုစီဒက်အသင်းကွင်းလယ်လူ ဇူဘီမန်ဒီကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ အခုခေါ်ယူမှုက အာတီတာရဲ့ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့နွေကတည်းက ခေါ်ယူဖို့ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနွေရာသီမှာတော့ အသက် ၂၆ နှစ်သားကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဇူဘီမန်ဒီဟာ အာတီတာရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့သလို အပြောင်းအရွှေ့အတွက် အနည်းငယ်တော့ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ စပိန်သားဟာ ဆိုစီဒက်လူငယ်အသင်းတွေကနေ အဆင့်ဆင့်အသင်းကြီးထံတက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ၂၃၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါ့အပြင်စပိန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ဆုဖလားကိုရယူနိုင်ခဲ့ပြီး ဖိုင်နယ်မှာဒဏ်ရာရခဲ့တဲ့ ရိုဒရီနေရာမှာ အစားဝင်ကစားခဲ့ပါတယ်။ ဇူဘီမန်ဒီကို ရီးရဲလ်အသင်းက ကြားဖြတ်လုယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အာဆင်နယ်က လက်ဦးမှုရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

“ဒါက ကျွန်တော့်ကစားသမားဘ၀ အကြီးမားဆုံးအခိုက်အတန့်ပါ။ အခုအပြောင်းအရွှေ့က ကျွန်တော်လိုချင်တဲ့အရာတစ်ခုပါ။ ဒီကိုခြေချလိုက်တာနဲ့ ဒီအသင်းက ဘယ်လောက်ကြီးမားလဲဆိုတာကို နားလည်လိုက်ပါတယ်။ အာဆင်နယ်ကိုရွေးချယ်လိုက်တာက ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကစားဟန်နဲ့ကိုက်ညီလို့ပါ။ ပြီးခဲ့တဲ့ရာသီတွေက ဒီအသင်းဟာ တည်ငြိမ်မှုနဲ့လျှောက်လှမ်းနေတာဖြစ်ပြီး မကြာခင်မှာ ရွှေရောင်နေ့ရက်တွေရောက်လာတော့မှာပါ”လို့ ဇူဘီမန်ဒီက ပြောကြားခဲ့ပါတယ်။

ဇူဘီမန်ဒီဟာ အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးနေရာမှာ အစားဝင်မှာဖြစ်ပြီး လာမယ့်အာရှခြေစမ်းပွဲခရီးစဉ်မှာ အသင်းအတွက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ အာတီတာကတော့ တိုက်စစ်ပိုင်းအတွက် ဆက်လက်လုပ်ဆောင်နေပြီး လက်ရှိကွင်းလယ်နေရာအတွက် ဘရန်ဖို့ဒ်စတား နော်ဂတ်ကိုလည်း ပေါင် ၁၀ သန်းနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။