The network connection is lost.

Banner Image

အမှတ်ပေးဇယားထိပ်မှာ ၁၀ မှတ်ဖြတ်ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရလို့ မကျေမနပ်ဖြစ်နေတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က သူ့ရဲ့ပရီးမီးယားလိဂ်နည်းပြဘဝအဖွင့်ရာသီအတွင်း လိဂ် ၁၂ ပွဲသာကစားရဖို့ ကျန်ရှိချိန် အမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ကာ ဦးဆောင်နေပေမယ့် ဒီနေ့မနက်ပိုင်း၊ ဗီလာပတ်ခ်ကွင်း သရေပွဲစဉ်အပြီး သူ့ရဲ့စိတ်ပျက်နေမှုတွေကို မဖုံးဖိထားနိုင်ခဲ့ပါဘူး။ အန်းစလော့ရဲ့အသင်းက အခုပွဲစဉ်ကို အနိုင်ရရှိမယ်ဆိုရင် အနီးဆုံးပြိုင်ဘက်အာဆင်နယ်ထက် တစ်ပွဲပို၊ ၁၀ မှတ်အထိ အသာစီးရရှိသွားမှာဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာ ဒုတိယမြောက်အမှတ်ပြည့်မရရှိမှုနဲ့ပဲ ကြုံတွေ့ခဲ့ရပါတယ်။

TNT Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ အရိုးသားဆုံးပြောရရင် သိပ်တော့မပျော်ရွှင်ပါဘူး။ ပွဲစဉ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့က ပြိုင်ဘက်ထက် အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အခုပွဲစဉ်မှာ ရလဒ်ကောင်းဖန်တီးနိုင်ဖို့ ကိုယ်လုပ်နိုင်သမျှအရာတွေအားလုံးကို လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ပွဲတစ်ခုအတွက်တောင် ဖြစ်သွားနိုင်ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရဲ့ပွဲချိန်နာရီဝက်ဝန်းကျင်မှာ မိုဆာလက်က လီဗာပူးအတွက် အရေးပါတဲ့ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် နောက်ထပ်ကိုးမိနစ်အကြာမှာပဲ တိုင်လီမန်းစ်က ဧည့်သည်တွေရဲ့ဦးဆောင်မှုကို ချေဖျက်သွားခဲ့ပါတယ်။ ပထမပိုင်းနာကျင်အချိန်ပိုမှာ ဝက်ကင်စ်က အိမ်ရှင်တွေအတွက် နောက်ထပ်ဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းပွဲချိန်အပြီး အက်စတွန်ဗီလာက လီဗာပူးကို ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အာနိုးလ်က အသင်းအတွက် အဖိုးထိုက်တန်လှတဲ့ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့လို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့ ပွဲချိန်ကုန်ဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်လာတဲ့ ဒါဝင်နူနက်ဇ်က လီဗာပူးအတွက် အပိုင်အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့သလို အက်စတွန်ဗီလာလူစားဝင်ကစားသမားမာလန်ရဲ့ကန်ချက်ကလည်း ဂိုးတိုင်ထိထွက်သွားခဲ့ပါတယ်။ အန်းစလော့ရဲ့အသင်းက ဗီလာပတ်ခ်ကွင်းမှာ ဂိုးပေါက်ခြိမ်းခြောက်ဖို့ ၁၇ ကြိမ်အထိ ကြိုးပမ်းခဲ့သလို အက်စတွန်ဗီလာကလည်း ကိုးကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်ရှေ့မှာတိကျမှုပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။

အန်းစလော့က “ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာ အက်စတွန်ဗီလာက အနိုင်ရလဒ်ရရှိသွားနိုင်ဖို့အထိ ခြေစွမ်းပြသခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အခွင့်အရေးတွေတသီတန်းကြီး ရရှိခဲ့တာကို ပြန်ကြည့်မယ်ဆိုရင် အခုတစ်ဖက်နှစ်ဂိုးစီသရေရလဒ်အတွက် ကျွန်တော် မပျော်ရွှင်မိဘူးဆိုတာ ရှင်းပါတယ်။ သူတို့အသင်းအတွက် ပရိသတ်တွေရဲ့အားပေးမှုတွေ၊ သူတို့အသင်းပိုင်ဆိုင်ထားတဲ့ လူစာရင်းပိုင်းတွေကြောင့် ဒီကွင်းမှာလာရောက်ကစားရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခု ကစားနိုင်ဖို့ အတော်လေးနီးစပ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။

အခုအချိန်မှာတော့ အမှတ်ပေးဇယားဒုတိယနေရာမှာရပ်တည်နေတဲ့ အာဆင်နယ်က ပွဲကျန်ကစားရဖို့ရှိလာပြီး လာမယ့်သီတင်းပတ်ကုန်ရက်တွေမှာ လီဗာပူးအတွက် ဖိအားတွေပိုမိုဖန်တီးပေးသွားနိုင်ဖို့ အခွင့်အရေးလည်း ရရှိလာခဲ့ပါတယ်။ အာဆင်နယ်က လာမယ့်စနေနေ့မှာ ဝက်စ်ဟမ်းကို ဧည့်ခံကစားရမှာဖြစ်ပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်ပါက မန်စီးတီး-လီဗာပူးပွဲစဉ်မတိုင်ခင် ရမှတ်ကွာဟမှုကို ငါးမှတ်အထိ လျှော့ချသွားနိုင်ပါလိမ့်မယ်။အန်းစလော့က “ လီဗာပူးအတွက်ကစားပေးမယ်ဆိုရင် ဖိအားတွေ အမြဲတမ်းရှိနိုင်သလို အာဆင်နယ်အတွက် ကစားပေးမယ်ဆိုရင်လည်း အလားတူအခြေအနေမျိုးမှာပဲ ရှိပါလိမ့်မယ်။ အခုဘောလုံးရာသီမှာ ကျွန်တော်တို့ အတူတကွစုပေါင်းပြီး တစ်ခုခုကို အမိအရဆုပ်ကိုင်သွားချင်တယ်။ ဒီအတွက် လိုအပ်မယ့်အရာတွေအားလုံး ကျွန်တော်တို့မှာ ရှိထားပါတယ်။ ချန်ပီယံလိဂ်နဲ့ လိဂ် ၁၂ ပွဲကစားရဖို့ ကျန်ရှိနေသေးပေမယ့် ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာအတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။

ကျွန်တော်တို့ရရှိခဲ့တာထက် ပိုထိုက်တန်တဲ့ ပွဲစဉ်အနည်းစုကို ကျွန်တော်တို့ ကစားခဲ့ပြီးပြီလို့ ထင်ပါတယ်။ ကစားပုံအရည်အသွေးနဲ့ပတ်သက်လို့ အဲဗာတန်နဲ့ပွဲစဉ်ကို မရည်ညွှန်းလိုပါဘူး။ ဒါပေမယ့် နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးလိုက်ရတာ အလွန်စိတ်ပျက်စရာကောင်းခဲ့တယ်ဆိုတာ အမှန်ပါပဲ”လို့ ပြောပါတယ်။ အန်းစလော့အတွက် စိုးရိမ်စရာတစ်ခုကတော့ အာနိုးလ်အစား လူစားဝင်ကစားတဲ့ ဘရက်ဒလေ ဒဏ်ရာရရှိသွားမှု ဖြစ်ပါတယ်။ လီဗာပူးနည်းပြက “ ဒီဒဏ်ရာက ပြေးလွှားနေချိန်မှာ ဖြစ်လာခဲ့တာပါ။ ဘာလဲဆိုတာ မသိရသေးပေမယ့် ကစားသမားတစ်ဦး ကွင်းတွင်းမှထွက်ခွာသွားရမယ်ဆိုရင် ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။