နယူးကာဆယ်နဲ့ပွဲစဉ်အတွင်း ကြီးမားတဲ့အမှားတစ်ခုကျူးလွန်မိသူ ကလယ်ဟာအပေါ် ကာကွယ်ပေးခဲ့တဲ့ အန်းစလော့
ဒီနေ့မနက်ပိုင်း၊ နယူးကာဆယ်နဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း လီဗာပူးအသင်းအတွက် အနိုင်ရလဒ်ပျောက်ကွယ်သွားစေမယ့် ကြီးမားတဲ့အမှားတစ်ခုကျူးလွန်မိခဲ့သူ ဂိုးသမားကလယ်ဟာကို နည်းပြအန်းစလော့က ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။
အိမ်ရှင်နယူးကာဆယ်ကို ဧည့်သည်လီဗာပူးက ၂-၃ ဂိုးဖြင့် ဦးဆောင်ထားနိုင်တဲ့ ပွဲချိန်နောက်ဆုံးမိနစ်အရောက် ဂူမာယေးစ်ရဲ့ပြစ်ဒဏ်ဘောကန်တင်ပေးပို့မှုမှာ ဂိုးလွန်ဘောဖြစ်သွားမယ်လို့ တွက်ချက်ပြီး ကာကွယ်ခုခံပုံလိုအပ်ချက်ရှိခဲ့တဲ့ ဂိုးသမားကလယ်ဟာကို ဖေဘီယန်ရှားက နောက်ကျချေပဂိုးနဲ့အတူ ပြစ်ဒဏ်ပေးသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ စိန့်ဂျိမ်းပတ်ခ်ကွင်းမှ လီဗာပူးတို့ သရေတစ်မှတ်နဲ့အတူ ထွက်ခွာခဲ့ရပါတယ်။
အခုလိုအမှားအယွင်းကျူးလွန်ခဲ့တဲ့ ကလယ်ဟာနဲ့ပတ်သက်လို့ သူ့ရဲ့သဘောထားမှတ်ချက်ကို တောင်းခံလာချိန်မှာ အန်းစလော့က အိုင်ယာလန်ဂိုးသမားအပေါ် အလျှင်အမြန်ပဲ ကာကွယ်ပေးခဲ့ပါတယ်။ အန်းစလော့က “ကလယ်ဟာအနေနဲ့ ကျွန်တော်တို့အသင်းအတွက် ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်ပြခဲ့ပြီးပါပြီ။
ဒီနေ့မှာဆိုရင်လည်း သူက ကျွန်တော်တို့အသင်းအတွက် အရမ်းကောင်းအောင် ကစားပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ကလယ်ဟာက အခြေအနေအပေါ် တွက်ချက်ပုံလွဲမှားသွားခဲ့ပါတယ်။ ဒီလိုအမှားတွေမှတဆင့် သူကိုယ်တိုင်လည်း သင်ယူသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အန်းစလော့က စိန့်ဂျိမ်းပတ်ခ်ကွင်းမှာ သူ့ရဲ့အသင်းဟာ အနိုင်ရလဒ်နဲ့မထိုက်တန်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အတိအလင်းဝန်ခံသွားခဲ့ပါတယ်။
လီဗာပူးနည်းပြက “ကျွန်တော့်ရဲ့ခံစားချက်တွေ ရောထွေးနေပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲချိန်တွေမှာတော့ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး။ တစ်ဖက်သုံးဂိုးစီဆိုတဲ့ရလဒ်က အခုလိုပွဲစဉ်မျိုးအတွက် ထိုက်တန်ပါတယ်။
ပြိုင်ဘက်က တကယ့်ကိုပြင်းပြင်းထန်ထန်နဲ့ကစားပြီး ကျွန်တော်တို့တွေ အမှားလုပ်မိအောင် ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒုတိယပိုင်းပွဲချိန်တွေမှာ အကောင်းဆုံးဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။ ကစားပုံပြောင်းလဲသွားနိုင်တယ်ဆိုတာ ကျွန်တော် သိနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျွန်တော်တို့အသင်း ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။
အခုလိုပွဲစဉ်မျိုးကိုအနိုင်ရချင်တယ်ဆိုရင် ပထမပိုင်းပွဲချိန်မှာကတည်းက အကောင်းမွန်ဆုံးလုပ်ဆောင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း ကျွန်တော်တို့တွေ မလုပ်ဆောင်နိုင်ခဲ့ပါဘူး”လို့ ဆိုပါတယ်။ လတ်တလော အသင်းအတွက် ပါဝင်ကစားပေးနေတဲ့ ကလယ်ဟာနဲ့ ဒဏ်ရာမှပြန်သက်လာတော့မယ့် အလီဆင်တို့အကြား ပွဲထွက်ဂိုးသမားဘယ်သူဖြစ်လာမလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ သူ့ရဲ့ရပ်တည်ချက်ကို အန်းစလော့က ထပ်မံအတည်ပြုပေးခဲ့ပါတယ်။
အန်းစလော့က “ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အကြိမ်အနည်းငယ်လောက် ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်အပေါ် ဆုံးဖြတ်ချက်ပေးရတာ ခက်ခဲသင့်သလောက် ခက်ခဲပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာ ပြသခဲ့တဲ့စွမ်းဆောင်ရည်တွေကို ပြန်ကြည့်မယ်ဆိုရင် ဒီနေ့ပွဲစဉ်အတွက် အရန်ခုံတန်းမှာ လူးဝစ်ဒီယက်ဇ်ရော၊ ဆိုဘိုဆလိုင်းပါ ရှိနေဖို့ မသင့်ဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် ဘောလုံးရာသီတစ်ခုဆိုတာ ရှည်လျားလွန်းပါတယ်။ ဂိုးသမားနေရာကလည်း မတူကွဲပြားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ကလယ်ဟာရှိနေလို့ ပျော်ရွှင်ကျေနပ်မိပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်တွေက ပြောင်မြောက်လွန်းခဲ့ပါတယ်။ လာမယ့် သီတင်းပတ်တစ်ပတ်၊ နှစ်ပတ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့်အရာတွေအစား အခုအချိန်မှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေကိုပဲ ကျွန်တော်တို့ ဆွေးနွေးသင့်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။