The network connection is lost.

Banner Image

ဒီဘရိုင်းအပါအဝင် ကစားသမားသစ်တွေကို စိတ်ရှည်ရှည်နဲ့အချိန်ပေးရမယ်လို့ဆိုလာတဲ့ ကွန်တီ

နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက အသင်းရဲ့ပရိသတ်တွေအနေနဲ့ ယခုနွေရာသီအတွင်း အသင်းသို့စတင်ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူကယ်ဗင်ဒီဘရိုင်းအပါအဝင် အခြားကစားသမားသစ်တွေကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးသွားရမယ်လို့ သတိပေးပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က ဆက်ဆူအိုလိုနဲ့ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေအဖွင့်ပွဲမှာ ကစားသမားသစ်တွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ လော်ရန်ဇိုလူကာတို့ စတင်ပွဲထွက်ကစားခဲ့ကြပါတယ်။ ပေါင်ဒဏ်ရာရနေတဲ့ အဓိကတိုက်စစ်မှူး ရိုမီလူလူကာကူမပါဝင်ပေးမယ့် နာပိုလီဟာ ဒီဘရိုင်း၊ စကော့မက်တိုမီနေးတို့ရဲ့သွင်းဂိုးတွေနဲ့ ဆက်ဆူအူလိုကို ၂ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အဖွင့်လှခဲ့ပါတယ်။ 

ယခုအခါမှာ ကွန်တီက "တိုးတက်ချင်တဲ့လူအတွက် အခွင့်အရေး‌ဆိုတာ အမြဲတမ်းရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီညနေ လေ့ကျင်းရေးကွင်းကအခြေအနေကို သဘောကျခဲ့ပြီး ကစားသမားသစ်တွေအပေါ်မှာ မှန်ကန်တဲ့ချဉ်းကပ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလို ကွင်းလယ် ၃ ယောက်တွဲကစားကွက်နဲ့ ထပ်ကစားနိုင်ဖို့ စမ်းသပ်မှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် ဒီဘရိုင်းလိုကစားသမားဝင်လာတော့ သိပ်မခက်ခဲပါဘူး"

"အသင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေရှိနေပါတယ်။ အချို့နေရာတွေမှာတော့ အခုထက်ပိုပြီး မြန်မြန်ကစားနိုင်ဖို့လိုနေပါသေးတယ်။ ကစားသမားသစ်တွေကို အသင်းမှာအသားကျဖို့ အချိန်ပေးရပါဦးမယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုဖလားအတွက်ယှဉ်ပြိုင်နိုင်တဲ့အသင်းက ၇-၈ သင်းလောက်ရှိပါတယ်။ ဒီရာသီက ပိုခက်လာမှာပါ။ ဒီတော့ အသင်းကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့ ကြိုးစားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ နာပိုလီဟာ ဒုတိယမြောက်စီးရီးအေပွဲစဉ်အဖြစ် ကာဂလီယာရီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။