အံ့အားသင့်စရာ ပွဲထွက်လူစာရင်းအကြောင်း ရှင်းပြလာတဲ့ အန်းစလော့
ဒီနေ့မနက်ပိုင်း၊ ဘက်တစ်နဲ့ရင်ဆိုင်ရတဲ့ လီဗာပူးရဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာ နည်းပြအန်းစလော့က ယာယီ ၄-၄-၂ ကစားကွက်ပုံစံကို အသုံးပြုခဲ့ပေမယ့် ဒါဟာ ပုံမှန်အသုံးပြုသွားမယ့်ကစားကွက်မျိုး မဟုတ်ပါဘူးလို့ ရှင်းပြလိုက်ပါတယ်။
အန်းစလော့က အခုကစားကွက်နဲ့အတူ ဘက်တစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တာပါ။ ဒီကစားကွက်မှာ အန်ဒိုနဲ့ ကာတစ်ဂျုံးစ်တို့က ကွင်းလယ်အထိုင်အဖြစ် ပွဲထွက်လာခဲ့ပြီး တောင်ပံမှာ ကာဗယ်လ်ဟိုနဲ့ မိုဆာလက်၊ အလှည့်ကျတိုက်စစ်မှူးတွေအဖြစ် ဆိုဘိုဆလိုင်းနဲ့ အယ်လီယော့တို့ ပါဝင်ကစားခဲ့ပါတယ်။
ဒီကစားကွက်က ဆိုဘိုဆလိုင်းရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အောင်မြင်မှုရှိခဲ့ပေမယ့် မဖြစ်မနေယာယီစီစဉ်လိုက်တဲ့ အခြေအနေရပ်တစ်ခုပဲဖြစ်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ဒီကစားကွက်ကို ဆက်လက်မလိုအပ်တော့ဘူးလားလို့ မေးမြန်းလာရာ အန်းစလော့က မလိုအပ်တော့ပါဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
သူက “ဘောလုံးရာသီစတင်လာချိန်မှာတော့ တိုက်စစ်မှူးစစ်စစ်တစ်ဦးနဲ့အတူ ကျွန်တော်တို့ကစားနေတာကို ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအခိုက်အတန့်မှာတော့ တိုက်စစ်မှူးစစ်စစ်တစ်ဦးမှ မရှိသေးပါဘူး။
ကျွန်တော်တို့မှာ ဆိုဘိုဆလိုင်းနဲ့ အယ်လီယော့တို့လို No.10 Role ကစားသမားနှစ်ဦး ရှိနေပါတယ်။ ဒါကြောင့်ပဲ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် သူတို့နှစ်ဦးကို ဦးဆောင်ခွင့်ပေးလိုက်တာပါ။ ဘောလုံးရာသီစရင်လည်း သူတို့တွေ ဒီနေရာမှာပဲ ကစားရပါလိမ့်မယ်။
ဒါက တိုက်စစ်မှူးတစ်ဦးမှမပါဘဲ No.10 Role ကစားသမားနှစ်ဦးကို တပြိုင်နက်တည်းအသုံးပြုရခြင်းရဲ့ အကြောင်းပြချက်တွေအနက် တစ်ခုဖြစ်ပါတယ်။
ဒါက လိုအပ်ချက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့အပိုင်းတွေမှာတော့ ခံစစ်ပိုင်းမှစတင်ကာ ကစားကွက်တည်ဆောက်မှုတွေနဲ့အတူ အသင်းလိုက်ကစားဟန်တွေကတော့ ကျွန်တော်တို့ရဲ့ပုံစံပဲ ဖြစ်ပါတယ်။
ပွဲစဉ်ကိုထိန်းချုပ်ထားဖို့၊ ပြိုင်ဘက်ရဲ့အဆက်မပြတ်တန်ပြန်တိုက်စစ်ဆင်မှုတွေ ခွင့်မပြုပေးရဖို့ ဒါတွေက ဘောလုံးရာသီစတင်လာချိန်မှာ ကျွန်တော်တို့အသင်းရဲ့ကစားဟန်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အမှန်ပါပဲ၊ ကျွန်တော်တို့မှာ တိုးတက်လာနိုင်တဲ့အရာတွေ အများကြီးရှိနေပါသေးတယ်။ ဒါပေမယ့် အစကနဦးသီတင်းနှစ်ပတ်လောက်ပဲ ရှိသေးချိန်မှာ ဒီလိုကိစ္စတွေက ပုံမှန်အတိုင်းပါပဲ”လို့ ပြောပါတယ်။
လီဗာပူးက ကိုပါအမေရိကပြိုင်ပွဲနဲ့ ယူရိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒါဝင်နူနက်ဇ်နဲ့ ကိုဒီဂတ်ပိုတို့ကို အားလပ်ရက်ပေးထားရသလို ဂျေဒန်ဒန်းစ်လည်း ဒဏ်ရာကြောင့် အခုရာသီကြိုခရီးစဉ်နဲ့ လွဲချော်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့အသင်းဆီ ဂျိုတာပူးပေါင်းလာပေမယ့် ပုံစံကောင်းအမြန်ဆုံးရရှိလာစေရေး နွေရာသီနောက်ပိုင်းကာလမတိုင်ခင်အထိ အသင်းမှာ အဓိကကစားသမားအဖြစ် တာဝန်ယူသွားရဖို့ မရှိသေးပါဘူး။