
မာယော့ကာနဲ့ပွဲစဉ်မှာ ဘာစီလိုနာအစစ်အမှန်ပုံစံရဲ့ ၅၀ ရာခိုင်နှုန်းသာ မြင်တွေ့ရလို့ ဒေါသထွက်နေတဲ့ ဟန်စီဖလစ်ခ်
မာယော့ကာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိမှုနဲ့အတူ ဘာစီလိုနာရဲ့ချန်ပီယံဆုကာကွယ်ရေးခရီးလမ်း စတင်နိုင်ပြီးနောက် လာလီဂါလှုပ်ရှားမှုဆီ ပုံမှန်အတိုင်းပြန်လာနိုင်လို့ ဟန်စီဖလစ်ခ် ကျေနပ်နေခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ပြိုင်ဘက်ကစားသမားနှစ်ဦး အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရမှုက ဘာစီလိုနာအတွက် အကူအညီတစ်ခုဖြစ်စေတယ်ဆိုတာထက်တောင် သာလွန်ခဲ့ပါတယ်။
ဖာရန်တောရက်စ်ရဲ့သွင်းဂိုးကို ခွင့်ပြုပေးတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒိုင်လူကြီးတွေနဲ့အငြင်းပွားခဲ့မှုအတွက် ပထမအကြိမ်အဝါကတ်ပြသခံထားရတဲ့ မော်လာနက်စ်က ယာမယ်လ်အပေါ်ကစားပုံကြမ်းတမ်းခဲ့မှုအတွက် ဒုတိယအကြိမ်အဝါကတ်ပြသခံခဲ့ရပါတယ်။
ဒါ့အပြင် မာယော့ကာမြို့ရန်ပွဲအတွင်း မူရီကွီရဲ့အခြေအနေတွေကြောင့် အိမ်ရှင်တွေကို ဒုတိယပိုင်းပွဲချိန်အတွင်း ပွဲစဉ်ဆီပြန်လာနိုင်ဖို့ အခွင့်အရေးလုံးဝမရှိစေတဲ့အထိ ဖြစ်ပေါ်သွားခဲ့ပါတယ်။
ဒီလိုရလဒ်တွေကြောင့်ပဲ ပွဲချိန်ထက်ဝက်ကျော် ကစားသမားနှစ်ဦးအသာစီးရယူနိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့ အဆင့်အတန်းကို တိုင်းတာဖို့ အခက်အခဲရှိခဲ့ပြီး ဟန်စီဖလစ်ခ်ကိုယ်တိုင်လည်း ဒီအချက်နဲ့ပတ်သက်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနည်းပြက “ ဒီပွဲစဉ်ကို ကျွန်တော် သဘောမကျပါဘူး။ ဒီနေရာမှာ အရေးပါတဲ့အချက် ၃ ခုရှိပါတယ်။ ဒါပေမယ့် ကစားသမားနှစ်ဦးအသာစီးရရှိမှုနဲ့အတူ နှစ်ဂိုးပြတ်ဦးဆောင်ထားနိုင်ချိန်မှာ ကျွန်တော့်အသင်းကစားပုံက ၅၀ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ ထင်ပါတယ်။
ဒါမျိုးဖြစ်လို့ မရပါဘူး။ ကစားသမားတွေနဲ့ ကျွန်တော် ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။ ကစားသမား ၉ ဦးကျန် ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ကိုယ့်ရဲ့ကစားပုံကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပစ်လိုက်လို့ မရပါဘူး။ ဒါက ကျွန်တော်မျှော်လင့်ထားတဲ့အရာမျိုး မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းက အခုလကုန်မတိုင်ခင်အထိ လီဗန်တေး၊ ဗယ်လီကာနိုတို့နဲ့ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး တိုက်စစ်မှူးလီဝန်ဒေါစကီးပြန်ကစားနိုင်မယ့်နေ့ရက်ကိုလည်း အတိအကျ မသိရသေးပါဘူး။