
တော့တင်ဟမ်အသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်လာနိုင်တဲ့အလားအလာအပေါ် လူတွေ ကြောက်ရွံ့နေတယ်လို့ ဆိုလိုက်တဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက ဥရောပအဆင့်ဖိုင်နယ်တစ်ခုဆီ တက်ရောက်သွားတဲ့ သူ့အသင်းရဲ့အောင်မြင်မှုကို ဂုဏ်သရေညှိုးနွမ်းသေးသိမ်အောင် ကြိုးစားလုပ်ဆောင်နေသူတိုင်းအပေါ် ပြန်လည်တုံ့ပြန်လိုက်ပြီး အသင်းရဲ့ပရီးမီးယားလိဂ်ရပ်တည်မှုကိုလည်း ဂရုမစိုက်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်း၊ နော်ဝေမြေ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ဘက်ဘိုဒိုဂလင့်ကို တော့တင်ဟမ်က ဝ-၂ ဂိုး(နှစ်ကျော့ပေါင်းရလဒ် ၁-၅ ဂိုး)ဖြင့် အနိုင်ယူပြီး မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းသွားခဲ့ပါတယ်။
ယူနိုက်တက်နည်းပြအာမိုရင်ကတော့ ယူရိုပါလိဂ်ဖလားအရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင်တောင် အသင်းအတွက် အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုအဖြစ် သတ်မှတ်လို့မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပိုစတီကိုဂလူကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုထက် ဆုဖလားအောင်ပွဲတစ်ခုနဲ့ ရာသီပိတ်သိမ်းနိုင်ခြင်းဟာ ပိုကောင်းပါတယ်လို့ပြောဆိုရင်း အာမိုရင်နဲ့မတူညီတဲ့အမြင်တစ်ခုကို ထုတ်ဖော်လာပါတယ်။
ပိုစတီကိုဂလူက “ ဒီရလဒ်ပိုင်းကြောင့် လူအတော်များများ စိတ်ပျက်သွားကြပါလိမ့်မယ်။ အခုတော့ ဆွေးနွေးမှုတွေ အကြိတ်အနယ်ဖြစ်လာပါတော့မယ်။ ကျွန်တော်တို့ရော၊ ယူနိုက်တက်ပါ ဒီဆုဖလားကို ကိုင်မြှောက်သွားနိုင်ဖို့ မရှိပါဘူး။ ဒီဆုဖလားရရင်လည်း ကျွန်တော်တို့နဲ့မထိုက်တန်တာကြောင့် အသင်းလိုက်ဓါတ်ပုံတစ်ပုံလောက်ရိုက်ပြီး အိမ်ပြန်ကြရပါမယ်။
ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့တွေ ရုန်းကန်နေရတာကို ဘယ်သူက ဂရုစိုက်နေလို့လဲ? ဒါက ဘာလို့အရေးကြီးနေရတာလဲ? ဗိုလ်လုပွဲတစ်ခုဆီ လွယ်လွယ်လေးတက်လှမ်းနိုင်မယ်ဆိုရင် ဘာကြောင့် လူတိုင်း ဒီနေရာဆီ မရောက်လာကြတာလဲ? ကျွန်တော်ဆိုလိုချင်တာ ဒါက သီခြားကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ လိဂ်ရပ်တည်မှုပုံစံနဲ့ ဘာမှမဆိုင်ပါဘူး။
ကျွန်တော်တို့ရဲ့လိဂ်ရပ်တည်မှုက အကောင်းဆုံးမဖြစ်နေဘူးဆိုတာ ကျွန်တော်တို့ကိုယ်တိုင် နားလည်ပါတယ်။ ကျွန်တော်တို့တွေ ရုန်းကန်နေရဆဲပဲဆိုတာလည်း နားလည်ထားပါတယ်။ လူအတော်များများက ကျွန်တော်တို့ ရောက်ရှိနေတဲ့အခြေအနေတစ်ခုကြောင့် အခုလိုမျိုးပြောဆိုနေကြတာဖြစ်ပေမယ့် ဖိုင်နယ်တစ်ခုဆီ တက်ရောက်လာနိုင်မှုရဲ့ဂုဏ်သရေကို ညှိုးနွမ်းသေးသိမ်သွားအောင် ဘယ်လိုလုပ်နိုင်မှာပါလဲ?
ကျွန်တော်ပြောခဲ့သလိုပါပဲ၊ အခြားအသင်းတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယား ပထမ၊ ဒုတိယ၊ တတိယနေရာမှာ ရပ်တည်နေကြပေမယ့် ဗိုလ်လုပွဲအဆင့်ဆီတော့ မတက်လှမ်းနိုင်ခဲ့ပါဘူး။ ဒါဆို ကျွန်တော်တို့ရဲ့အောင်မြင်မှုကို ဘာကြောင့်သေးသိမ်အောင် လုပ်ချင်နေတာပါလဲ? တခြားအသင်းတွေ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး။
ကျွန်တော်တို့အသင်းရော၊ မန်ချက်စတာယူနိုက်တက်ပါ ဖိုင်နယ်ရောက်ရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တု့ိနှစ်သင်းလုံးက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မြင်တွေ့ရတော့မယ့် ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ဒီအဆင့်ဆီ တက်လှမ်းလာတာပါ။ ဒါကြောင့် ဖိုင်နယ်ပွဲစဉ်ဆီကိုပဲ မျှော်လင့်စောင့်စားနေပါတယ်။ ဒါက ပွဲစဉ်တစ်ခုအကြောင်းသာ ဖြစ်သင့်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ယူနိုက်တက်နဲ့အတူ အခုဘောလုံးရာသီတလျှောက်လုံး ဝေဖန်မှုတွေအောက် ကျရောက်နေခဲ့တဲ့ တော့တင်ဟမ်အတွက် ယူရိုပါလိဂ်ဆုဖလားဟာ ကယ်တင်မှုတစ်ခုဖြစ်လာနိုင်သလားဆိုတဲ့မေးခွန်းတစ်ခု ပိုစတီကိုဂလူဆီ ရောက်ရှိလာခဲ့ပါတယ်။ တဖက်မှာလည်း တော့တင်ဟမ်ရဲ့ခါးသီးမြို့ခံပြိုင်ဘက်အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ ပါဝင်တက်လှမ်းနိုင်ခဲ့ပေမယ့် ဆုဖလားလက်မဲ့ဘောလုံးရာသီတစ်ခုနဲ့ ထပ်မံကြုံတွေ့ရဖို့ သေချာသွားခဲ့ပါပြီ။
တော့တင်ဟမ်က ၂၀၀၈ ခုနှစ်၊ လိဂ်ဖလားအောင်မြင်မှုနောက်ပိုင်း ဆုဖလားအောင်ပွဲနဲ့ ဝေးကွာခဲ့သလို ၂၀၁၉ ခုနှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲနောက်ပိုင်း ပထမဆုံးအကြိမ်ဥရောပအဆင့်ဗိုလ်လုပွဲတစ်ခုကို ဆင်နွဲှသွားရဖို့ ရှိနေပါတယ်။ ပိုစတီကိုဂလူက “ အခုလက်ရှိဖြစ်ပျက်နေတဲ့အရာတွေက ဖြစ်လာနိုင်ခြေရှိတဲ့အရာတွေ တကယ်လက်တွေ့ဖြစ်ပေါ်လာမှာကို လူတွေကိုယ်တိုင်ထိတ်လန့်ကြောက်ရွံ့နေတာပဲ ဖြစ်ပါတယ်။ အခုဘောလုံးရာသီမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ကျွန်တော်တို့အသင်းကို မန်ချက်စတာယူနိုက်တက်နဲ့ နှိုင်းယှဉ်နေသူတွေ၊ ဒီဆုဖလား(သို့မဟုတ်) ဗိုလ်လုပွဲနဲ့ မထိုက်တန်ဘူးလို့ ယူဆနေသူတွေက ကျွန်တော်တို့ရဲ့အောင်မြင်မှုကို ဂုဏ်သရေညှိုးနွမ်းအောင် လုပ်ကြပါလိမ့်မယ်။ ဒီလိုထင်မြင်ချက်တွေကို ကျွန်တော်တို့တွေ ဘယ်လိုချေဖျက်ပြမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။
ကျွန်တော်တို့မှာ ယူနိုက်တက်လို အောင်မြင်မှုမျိုးတွေ ရရှိခဲ့ဖူးမယ်ဆိုရင် အခုနဲ့မတူညီတဲ့အမြင်မျိုး ကျွန်တော့်အတွက် ရှိကောင်းရှိလာပါလိမ့်မယ်။ ပရီးမီးယားလိဂ်အဆင့်-၅ နေရာနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်လာနိုင်မယ်ဆိုရင် ကျွန်တော့်အနားမှာ ချီးကျူးသံတွေနဲ့ ဝေဆာနေမယ်ဆိုတာ အာမခံပါတယ်။ ကောင်းပါပြီ၊ ဒါက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုပါ။ ဒါပေမယ့် ဒီကလပ်အသင်းအတွက် ဆုဖလားအောင်ပွဲတစ်ခုတော့ လိုအပ်နေပါပြီ။ ဒါကိုပဲ လူတိုင်းပြောနေကြပါတယ်။ အမှန်ပါပဲ၊ ဥရောပအဆင့်ဗိုလ်လုပွဲတစ်ခုဆီ တက်ရောက်နိုင်ခြင်းက ခမ်းနားမှုအပြည့်ပါပဲ”လို့ ပြောပါတယ်။