The network connection is lost.

Banner Image

အသင်းမှထွက်ခွာဖို့ ထောက်ခံအားပေးခဲ့တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တူရကီကလပ် ထရက်ဘ်ဇွန်စပေါသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပြီး သူ့ရဲ့ထွက်ခွာမှုကို အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကပါ ထောက်ခံခဲ့တာကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ 

ယခုနွေရာသီအတွင်း အိုနာနာကို ပြင်သစ်လီဂူးကလပ် မိုနာကိုက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာကြောင့် ယူနိုက်တက်မှာပဲ ဆက်လက်ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။အပြောင်းအရွှေ့ပျက်ပြယ်ပြီးနောက်မှာ ကင်မရွန်းလက်ရွေးစင်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ယခုအခါမှာတော့ တူရကီသို့ရောက်ရှိဖို့ တွန်းအားပေးခံနေရတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြရူဘင်အာမိုရင်အနေနဲ့တော့ အိုနာနာတစ်ယောက် ရာသီကြိုမှာ တံကောက်ကြောဒဏ်ရာရရှိသွားတဲ့အပေါ် မကျေမနပ်ဖြစ်နေခဲ့ပြီး နောက်ပိုင်းမှာတော့ အငှားချဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ အိုနာနာတစ်ယောက် ထရက်ဘ်ဇွန်စပေါသို့ပြောင်းရွှေ့မှာကို နည်းပြအာမိုရင်နဲ့ အားကစားဒါရိုက်တာ ဂျေဆန်ဝယ်လ်ကော့ဇ်သာမက ရက်ကလစ်ဖ်ကပါ ထောက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ အပြောင်းအရွှ့ကာလနောက်ဆုံးနေ့ရက်မှာ ရွိုင်ရယ်အန့်တ်ဝပ်ဂိုးသမား ဆန်နီလမ်မန်းစ်ကို ခေါ်ယူခဲ့တာကြောင့် အိုနာနာရဲ့အပြောင်းအရွှေ့ဟာ ပိုမိုအားကောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ လမ်မန်းစ်ဟာ အိုနာနာကိုသာမက လက်ရှိရာသီပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ အယ်လ်တေးဘယင်ဒါကိုပါကျော်ဖြတ်ပြီး ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

အိုနာနာအနေနဲ့ ထရက်ဘ်ဇွန်စပေါသို့ လာမယ့်ကြာသပတေးနေ့မှသာ ပြောင်းရွှေ့မှာဖြစ်လို့ လောလောဆယ်မှာတော့ ယူနိုက်တက်မှာပဲ ဆက်လက်နေထိုင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး လမ်မန်းစ်ကို ပွဲထွက်ဂိုးသမားအဖြစ် စတင်မြင်တွေ့ခွင့်ရသွားမလား စောင့်ကြည့်ရပါမယ်။