The network connection is lost.

Banner Image

The Wall ဆိုပြီး ယူနိုက်တက်စတားဟောင်းကို ထရာဇွန်စပေါလ်အသင်း ချီးကျူး

Eyuspor အသင်းကို ၂-၀ နဲ့အနိုင်ရပြီးနောက် ထရာဇွန်စပေါလ်အသင်းက ဂိုးသမားဖြစ်သူ အိုနာနာကို The Wall ဆိုပြီး ချီးကျူးလိုက်ပါတယ်။ ယူနိုက်တက်မှာတုန်းက အိုနာနာဟာ အမှားတွေကြောင့် ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပေမယ့် တူရကီမြေရောက်လာချိန်မှာတော့ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ မနှစ်ကရာသီမှာ အဆင့် ၇ နေရာနဲ့ ရာသီသိမ်းခဲ့ပြီးနောက် အိုနာနာအနေနဲ့ အသင်းမှာဆက်ရှိမယ်လို့ ထင်ခဲ့ပေမယ့် အဆုံးသတ်မှာ တူရီကီမြေကိုပြောင်းရွှေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့လရောက်လာပြီးကတည်းက  အေဂျက်စတားဟောင်းဟာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး Eyupsor အသင်းနဲ့ပွဲမှာ အိုနာနာတစ်ယောက် အရေးပါတဲ့ကာကွယ်မှု ၄ ကြိမ်ပြုလုပ်နိုင်ခဲ့သလို ဘောလုံးပေးပို့မှုကလည်း ၈၆% အထိ တိကျခဲ့ပါတယ်။ ထရာဇွန်စပေါလ်အသင်းပရိသတ်တွေက ပွဲစဉ်တစ်လျှောက် အိုနာနာ နာမည်ကိုအော်ဟစ်အားပေးခဲ့ကြသလို အသင်းဝက်ဘ်ဆိုက်ကလည်း The Wall ဆိုပြီး ချီးမွှန်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘာရင်ဒါ နဲ့ လန်မန်းတို့ကိုခေါ်ယူနိုင်ခဲ့ပြီးနောက် အိုနာနာကို လက်လွှတ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

တူရကီမြေမှာ လက်စွမ်းပြနေတာကြောင့် အိုနာနာအနေနဲ့ ယူနိုက်တက်ထံပြန်လာမလားဆိုတာ အတိအကျမသိရသေးတာဖြစ်ပါတယ်။ တူရကီကလာတဲ့သတင်းတွေအရ အိုနာနာဟာ အဝတ်လဲခန်းထဲမှာ လူငယ်အသင်းဖော်တွေကို အကူအညီပေးသလို အသင်းကိုလည်း ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ ထရာဇွန်စပေါလ်အသင်းက လာမယ့်နွေမှာ အိုနာနာကို အခုလက်စွမ်းပြအတိုင်းပြသနေမယ်ဆိုရင် အပြီးသတ်ခေါ်ယူဖို့များနေပါတယ်။

ဒါပေမယ့်လည်း အပြီးသတ်ခေါ်ယူဖို့က ညှိနှိုင်းဖို့ခက်ခဲဖွယ်ရှိနေပြီး ယူနိုက်တက်ဘက်က အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်မထည့်ထားတာဖြစ်ပါတယ်။ ထရာဇွန်စပေါလ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ယူရို ၇ သန်းဖြစ်ပြီး အိုနာနာကိုခေါ်ယူဖို့အတွက်ဆိုရင် အဆိုပါစံချိန်ကိုချိုးဖျက်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း တကယ်လို့ အိုနာနာလက်စွမ်းပြနေမယ်ဆိုရင် ယူနိုက်တက်အတွက်က ဈေးခေါ်လို့ကောင်းနိုင်တာဖြစ်ပါတယ်။

တူရကီမြေကိုပြောင်းပြီးနောက် အိုနာနာက “ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်အရမ်းပျော်တယ်ဆိုတာပဲပြောနိုင်ပါတယ်။ ကျွန်တော်ပရောဂျက်အသစ်ကိုစတင်ရတာပါ။ ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်ပါ။ ကျွန်တော် ဒီမှာအရမ်းပျော်ပါတယ်။ ဒီခံစားချက်က ကျွန်တော့်ကိုပျော်အောင်လုပ်ပေးပါတယ်။ ဒီလိုမျိုးလူတွေဆီကနေ အချစ်တွေအများကြီးဘယ်တုန်းကမှမခံစားဖူးပါဘူး။ ဒီကိုပထမဆုံးရောက်ချိန်မှာတင် အိမ်လိုမျိုးခံစားရပါတယ်။ 

ကျွန်တော် မကြာခင်မှာအသင်းနဲ့ပူးပေါင်းချင်နေပါပြီ။ ကျွန်တော် အမြဲတမ်းအဆင်သင့်ပါပဲ။ ကစားသမားတိုင်းက ကစားချင်ကြပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ပြိုင်ဘက်တွေနဲ့ကစားရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားသာချက်ကိုလည်း ကျွန်တော်တို့ သတိထားပါတယ်”လို့ အိုနာနာက ဖြေကြားခဲ့ပါတယ်။

အိုနာနာဟာ အခုအပတ်မှာ ဂါလာတာစာရေးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ၂ မှတ်အကွာနဲ့ ဖိအားပေးနိုင်မှာဖြစ်ပြီး အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ကွာဟမှုကြီးမားနိုင်တာဖြစ်ပါတယ်။