
ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ရဲ့ရာသီကြို လူစာရင်းမှ နုတ်ထွက်ခဲ့ရတဲ့ အိုနာနာ
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမယ့် အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။
အစောပိုင်းအကဲဖြတ်မှုတွေအရတော့ အိုနာနာရဲ့ဒဏ်ရာဟာ ၆ ပတ်မှ ၈ ပတ်အထိ အနားယူသွားရနိုင်တယ်လို့ သိရှိရပြီး ကစားသမားဟာ ဩဂုတ်လ ၁၇ ရက်နေ့၊ အာဆင်နယ်နဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲကိုပါ လွဲချော်သွားနိုင်တာဖြစ်ပါတယ်။
ဂိုးသမားဟာ ယခုတစ်ပတ်အစောပိုင်းက ယူနိုက်တက်ရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်မှာပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ နည်းပြရူဘင်အာမိုရင်အနေနဲ့ ယခုနွေရာသီအတွင်း ဂိုးသမားသစ်ရှာဖွေသွားရဖို့ရှိနေပါတယ်။
သို့သော်လည်း အိုနာနာဟာ ရာသီသစ်မစတင်မီမှာပဲ ဒဏ်ရာမှသက်သာလာဖို့ အလားအလာရှိနေသေးတာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့အခွင့်အရေးရှိနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။ တကယ်လို့ အိုနာနာအနေနဲ့ ဒဏ်ရာမသက်သာပါက သူ့ရဲ့နေရာမှာ အယ်လ်တေးဘယင်ဒါက အစားထိုးဝင်ရောက်သွားနိုင်ချေလည်းရှိနေပါတယ်။
အာမိုရင်အတွက်နောက်ထပ်ရွေးချယ်စရာတွေအနေနဲ့ မကြာသေးမီက အသင်းနဲ့စာချုပ်သက်တမ်းတိုးမြှင့်ထားတဲ့ ဝါရင့်ဂိုးသမား တွန်မ်ဟီတန်နဲ့ အသက်-၂၁ နှစ်အရွယ် ချက်ဂိုးသမားလေး ရာဒက်ခ်ဗစ်တက်ခ်လည်းကျန်ရှိနေပါသေးတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ အက်စတွန်ဗီလာဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ပစ်မှတ်ထားနေပြီး ယခုနွေရာသီအတွင်းမှာပဲ ခေါ်ယူသွားမယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အိုနာနာအနေနဲ့ ယူနိုက်တက်အတွက် ပုံစံကောင်းပြသဖို့ရုန်းကန်ခဲ့ရပြီး အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်ခဲ့ရုံမက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ထားခဲ့ရတာဖြစ်ပါတယ်။ ယခုလနှောင်းပိုင်းမှာတော့ယူနိုက်တက်ဟာ ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်သို့ခရီးထွက်ခွာသွားမှာဖြစ်ပြီး အဆိုပါခရီးစဉ်မတိုင်မီ ဇူလိုင်လ ၁၉ ရက်နေ့မှာ ပထမဆုံး ခြေစမ်းပွဲအဖြစ် လိဒ်ယူနိုက်တက်ကို စတော့ခ်ဟုမ်းမှာသွားရောက်ယှဉ်ပြိုင်ရပါမယ်။