မိုဆာလက်နေရာ အစားထိုးနိုင်မယ့် လာလီဂါကြယ်ပွင့်အမည်ကို ထုတ်ပြောလာတဲ့ အန်ဒို
လီဗာပူးအသင်းမှာ မိုဆာလက်ရဲ့နေရာအတွက် အပြည့်အဝအစားထိုးနိုင်မယ့် ဂျပန်လက်ရွေးစင်အသင်းဖော်တစ်ဦးအကြောင်း ကွင်းလယ်ကစားသမားအန်ဒိုက အကြံပြုပြောဆိုလိုက်ပါတယ်။
မိုဆာလက်က အန်ဖီးလ်မှာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိပြီး အရှေ့အလယ်ပိုင်းဒေသဆီ သူ့ကိုခေါ်ဆောင်ဖို့ ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့စောင့်ကြည့်မှုကို ယခင်ကတည်းကပင် ရရှိခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားတစ်ဦးကို ဆက်ထိန်းထားနိုင်ဖို့ ရည်ရွယ်ထားတဲ့ လီဗာပူးအသင်းက ယမန်နှစ်အတွင်း အီဂျစ်သားအတွက် ပေါင်သန်း ၂၀၀ ကျော်တန် ငွေကြေးအလုံးအရင်းနဲ့ ကမ်းလှမ်းလာမှုတစ်ခုကို ပယ်ချခဲ့ဖူးပါတယ်။
မိုဆာလက်နဲ့ အန်ဒိုတို့က အမေရိကန်နိုင်ငံဆီ ရာသီကြိုခရီးစဉ်ထွက်ခွာလာတဲ့ လီဗာပူးအသင်းလူစာရင်းရဲ့ စီနီယာကစားသမားအနည်းငယ်ထဲမှာ ပါဝင်ပါတယ်။ သူတို့တွေက အခုရာသီကြိုကာလမှာ ဘက်တစ်၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ခြေစမ်းပွဲစဉ်ယှဉ်ပြိုင်ကစားသွားပါလိမ့်မယ်။ ဒါပေမယ့် မိုဆာလက်က အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိဘူးဆိုရင် လာမယ့်ဘောလုံးရာသီကုန်မှာ အန်ဖီးလ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရှိနေပါတယ်။
အန်ဒိုကတော့ အီဂျစ်သားနေရာမှာ အစားထိုးနိုင်မယ့် သူ့ရဲ့လက်ရွေးစင်အသင်းဖော် တစ်ဦးအကြောင်း ထုတ်ဖော်ပြောပြလာပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ဘွန်ဒက်စ်လီဂါကလပ်စတုဂတ်မှ ပေါင် ၁၆ ဒဿမ ၂ သန်းဖြင့် မာဆေးဆိုဒ်ကလပ်ဆီ ရောက်ရှိလာတဲ့ အန်ဒိုက နည်းပြဟောင်းကလော့ပ်လက်အောက် အဓိကကွင်းလယ်ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
နည်းပြသစ်အန်းစလော့ကတော့ အခုအချိန်အထိ အသင်းလူစာရင်းပိုင်း အင်အားဖြည့်တင်းရေး တောင်းဆိုတာမျိုး မရှိသေးပေမယ့် လာလီဂါကြယ်ပွင့် ကူဘိုကတော့ အသင်းဆီပြောင်းရွှေ့ရန် အလားအလာရှိတဲ့ချိတ်ဆက်မှုတွေ ပိုင်ဆိုင်ထားပါတယ်။
ဆိုစီဒက်တောင်ပံကစားသမားက ဥရောပတလွှား စိတ်ဝင်စားမှုတွေကို ဆွဲဆောင်ထားနိုင်သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် ဈေးကွက်တန်ဖိုးပေါင်သန်း ၅၀ အထိ ဖော်ပြမှုတွေရှိပေမယ့် လီဗာပူးဆီ ပြောင်းရွှေ့နိုင်မယ့် သဘောတူညီမှုတစ်ခုရရှိဖို့ မနီးစပ်နိုင်သေးပါဘူး။ ယုံကြည်မှုအပြည့်ရှိနေတဲ့ အန်ဒိုကတော့ အသက်-၃၂ နှစ်အရွယ် အီဂျစ်လက်ရွေးစင်ရဲ့နေရာမှာ အစားထိုးဖို့ဆိုရင် ဘယ်ခြေအားသန်ကစားသမားဖြစ်တဲ့ ကူဘိုက အသင့်တော်ဆုံးပဲလို့ ညွှန်ုပြလိုက်ပါတယ်။
Abema Sports Time သတင်းစာနဲ့တွေ့ဆုံချိန် အန်ဒိုက “ မိုဆာလက်နေရာ အစားထိုးဖို့ ရှာဖွေမှုတစ်ခု စတင်ခဲ့ပါပြီ။ ဒါကြောင့် ဒီနေရာက လီဗာပူးအတွက် အင်အားဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်တဲ့ ဧရိယာတစ်ခု ဖြစ်လာနေပါတယ်။
ကျွန်တော့်အမြင်အရ လက်ရွေးစင်အသင်းမှာ မိုဆာလက်နေရာ အစားထိုးနိုင်မယ့်ကစားသမားကတော့ ကူဘိုပဲ ဖြစ်ပါလိမ့်မယ်”လို့ ဆိုပါတယ်။
လတ်တလောမှာ ကူဘိုက အင်္ဂလန်မြေဆီ ရောက်ရှိနေပြီး မကြာခင်ကာလအတွင်း သဘောတူညီမှုတွေ အောင်မြင်စွာအဆုံးသတ်နိုင်လိမ့်မယ်လို့ ဖော်ပြမှုတွေရှိပါတယ်။ ဒါပေမယ့် Mail Sport သတင်းထောက် လီဝစ်စတီလီကတော့ နည်းပြသစ်အန်းစလော့ အနေဖြင့် သူ့ရဲ့အသင်းကို အမေရိကန်မြေမှာ အကဲဖြတ်သွားဖို့ ပြင်ဆင်ထားတာကြောင့် ဒီသတင်းတွေဟာ အချိန်မတန်သေးပါဘူးလို့ ရှင်းပြလိုက်ပါတယ်။
ဘောလုံးကျွမ်းကျင်မှုနဲ့ နည်းစနစ်ပိုင်းကောင်းမွန်မှုတွေကြောင့် “ဂျပန်မက်ဆီ”လို့ အမည်ပြောင်ရထားတဲ့ ကူဘိုက ဘာစီလိုနာအသင်းအကယ်ဒမီမှာ တက်ရောက်ခဲ့ပြီးနောက် FC Tokyo ဆီ ဆက်သွယ်လာခဲ့ပါတယ်။
ဂျေလိဂ်မှာပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသက်-၂၃ နှစ်အရွယ်ကစားသမားက ဂျပန်လက်ရွေးစင်ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နွေရာသီကာလမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ မာယော့ကာ၊ ဗီလာရီးရဲလ်၊ ဂီတာဖေးတို့မှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ပြီး ဆိုစီဒက်ဆီ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ပြောင်းရွှေ့ရောက်ရှိလာပါတယ်။