
လီဗာပူးကိုအနိုင်ရရှိခြင်းက ယူနိုက်တက်နည်းပြဘဝတစ်လျှောက် အကြီးမားဆုံးအနိုင်ရရှိခြင်းဖြစ်တယ်လို့ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တနင်္ဂနွေနေ့က လီဗာပူးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ သူ့ရဲ့ယူနိုက်တက်နည်းပြဘဝတစ်လျှောက် အကြီးမားဆုံးသော အနိုင်ရရှိမှုဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အတွက် အနိုင်ဂိုးကို ပွဲကစားချိန် ၈၄ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး အာမိုရင်အနေနဲ့ ယူနိုက်တက်နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ယခုပွဲစဉ်မှာ ဦးဆောင်ဂိုးရရှိဖို့ ၆၂ စက္ကန့်သာလိုအပ်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ လီဗာပူးကို ၀-၁ နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ လီဗာပူးအတွက်ချေပဂိုးကို ဒုတိယပိုင်း ၇၆ မိနစ်မှာ ကိုဒီဂတ်ပိုက အနီးကပ်ပိတ်သွင်းပေးခဲ့ပေမယ့် မက်ဂွါရီရဲ့ နောက်ထပ်သွင်းဂိုးနဲ့ ယူနိုက်တက်တို့ အန်ဖီးလ်မှာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
အာမိုရင်ရဲ့ ယူနိုက်တက်နည်းပြဘဝအစပိုင်းဟာ အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပြီး ဘက်ပေါင်းစုံကနေ ဖိအားတွေဝင်ရောက်ခဲ့ကာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်ခဲ့သလို၊ ယခုရာသီအစမှာလည်း ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အာမိုရင်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲပြီး တိုက်စစ်ပိုင်းပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပေမယ့် ရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်မှာ ၃-၄-၂-၁ ကစားကွက်ကို ပုံဖော်နေတာဖြစ်ပြီး ရလဒ်ဆိုးတွေကြုံတွေ့ထားရတာကြောင့် ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ထားခဲ့ရပြီဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ အဆိုပါကစားကွက်၊ နည်းစနစ်တွေနဲ့ပဲ နိုင်ပွဲဆက်လာခဲ့လို့ ဖိအားတွေအတန်အသင့်လျော့ပါးသွားခဲ့ပြီဖြစ်ပါတယ်။
ယခုအခါမှာ ပေါ်တူဂီသားနည်းပြက "ဒီပွဲက ကျွန်တော့်ရဲ့လက်ရှိယူနိုက်တက်နည်းပြဘဝတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲဖြစ်ပါလိမ့်မယ်။ ဒီနေ့က အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် နောက်နေ့မှာတော့ နောက်ပွဲတွေအတွက်အာရုံစိုက်သွားပါမယ်။ ဒီပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ဒီပွဲအတွက် ပျော်ပေမယ့် ဘရိုက်တန်နဲ့ပွဲအတွက် အာရုံစိုက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အာမိုရင်တစ်ယောက် ယူနိုက်တက်နည်းပြသက်တမ်းတစ်လျှောက်ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၃ ပွဲဆက်အနိုင်ရရှိမှု ကိုပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။