
ဒဏ်ရာအခြေအနေ သက်သာလာပြီဖြစ်လို့ ယူနိုက်အတွက် ပြန်ကစားပေးနိုင်တော့မယ့် အာမက်
မန်ချက်စတာယူနိုက်တက်ရဲ့ အားထားရတဲ့တောင်ပံကစားသမားလေး အာမက်ဒီယာလိုဟာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရပြီးနောက် ယခုအခါမှာတော့ ဒဏ်ရာသက်သာလာပြီဖြစ်လို့ ရာသီမကုန်ခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။
အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလကတည်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် အာမက်အနေနဲ့ ရာသီကုန်အထိနားရမယ်လို့ ယူဆထားခဲ့ကြပေမယ့် ဒဏ်ရာက ထင်ထားတာထက် ပိုမိုလျင်မြန်စွာ ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့စိတ်ပျက်စရာ ရာသီအတွင်းမှာ အာမက်ဟာ အလွန်တောက်ပတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အဲရစ်တန်ဟက်လက်ထက်ကတည်းက အားကိုးခဲ့ရတဲ့ အာမက်ကို ယူနိုက်တက်ဟာ ရူဘင်အာမိုရင်လက်ထက်မှာလည်း ဆက်လက်အားကိုးနိုင်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ အာမက်ဟာ လာမယ့်အပတ်မှာပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မှာဖြစ်လို့ မကြာမီမှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်မယ်လို့သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်မှာ မျှော်လင့်ချက်မရှိတော့ပေမယ့် ယူရိုပါလိဂ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်တာကြောင့် အာမက်လိုကစားသမားမျိုးကို အလိုရှိနေမှာဖြစ်ပါတယ်။
အာမက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက "အာမက်ဒီယာလိုဟာ လာမယ့်အပတ်မှာပဲ မန်ချက်စတာယူနိုက်တက်အတွက် လေ့ကျင့်ရေးပြန်ဆင်းနိုင်မှာဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ရာသီကုန်အထိ အနားယူရမယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် မကြာခင်မှာပဲ ပြန်ကစားနိုင်မှာဖြစ်ပါတယ်" လို့ဖော်ပြထားပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို စပိန်မြေမှာ သွားရောက်ရင်ဆိုင်ရပါမယ်။