The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြဘဝအနာဂတ် မသေချာတော့တဲ့ အန်ဆယ်လော့တီ

ကြာသပတေးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်ကို ၁-၂ နဲ့ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၁-၅ နဲ့ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီရဲ့ နည်းပြဘဝအနာဂတ်ဟာ မသေချာတော့ဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အီတလီသားနည်းပြ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ဆုဖလားကို ၅ ကြိမ်အထိဆွတ်ခူးထားနိုင်ပြီး သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားအများဆုံးရရှိထားတဲ့နည်းပြအဖြစ် စံချိန်တင်ထားပေမယ့် ယခုနှစ်ရာသီမှာတော့ ကွာတားဖိုင်နယ်အထိသာ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ရီးရဲလ်မက်ဒရစ်နည်းပြဘဝနောက်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်မလားလို့ မေးမြန်းခဲ့ရာ အန်ဆယ်လော့တီက “ကျွန်တော်မသိပါဘူး။ ကလပ်ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ ဒီနှစ်ပဲဖြစ်မလား ကျွန်တော့်ရဲ့စာချုပ်သက်တမ်းကုန်ဆုံးတဲ့ နောက်နှစ်ပဲဖြစ်မလား တစ်ခုခုတော့ဖြစ်မှာပါ။ အသင်းကနေထွက်ခွာခဲ့ရရင်လည်း ဒီအသင်းကို ကျေးဇူးတင်နေမှာပါ။ ကျွန်တော့်ရဲ့စာချုပ် ဘယ်ချိန်ကုန်မလဲဆိုတာ ကျွန်တော်ဂရုမစိုက်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကို ကွာတားဖိုင်နယ်အဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ရဲ့လာမယ့်ပွဲစဉ်နဲ့ ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားရမယ့် ကိုပါဒယ်ရေး ဗိုလ်လုပွဲအတွက်သာအာရုံစိုက်ထားကြောင်းကို “ကျွန်တော်လောလောဆယ်မှာတော့ နောက်ပွဲအတွက် အဓိက အာရုံစိုက်ထားပါတယ်။ ပြီးတော့ အမှတ်ပေးဖလားအတွက်ရော၊ ကိုပါဒယ်ရေးအတွက်ပါ တိုက်ပွဲဝင်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။