
ရာသီကြိုခြေစမ်းပွဲ လွဲချော်ခဲ့ပြီးနောက် ထွက်ခွာခွင့်တောင်းဆိုလိုက်တဲ့ နယူးကာဆယ်စတား
သတင်းတွေအရ နယူးကာဆယ်တိုက်စစ်မှူး အီဆက်တစ်ယောက် အသင်းကနေထွက်ခွာခွင့်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ဆွီဒင်သားကို လီဗာပူး နဲ့ အယ်လ်-ဟီလယ်အသင်းတို့က စိတ်ဝင်စားနေပါတယ်။ ပေါင်ဒဏ်ရာကြောင့် အီဆက်တစ်ယောက် နယူးကာဆယ်ရဲ့အရှေ့အာရှရာသီကြိုခရီးစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အီဆက်ဟာ မြင့်မားတဲ့ငွေကြေးလိုချင်နေပြီး အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
မေးလ်စပေါ့တ်သတင်းဌာနရဲ့အဆိုအရ အီဆက်ဟာ အသင်းကနေထွက်ခွာနိုင်မယ့်အခွင့်အရေးရှိလာရင် ထွက်ခွာချင်တယ်လို့ အသင်းထံအသိပေးထားကြောင်း ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ်သား နဲ့ နယူးကာဆယ်တို့ကြား စာချုပ်သက်တမ်းက ၃ နှစ်ကျန်နေတာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ နယူးကာဆယ်ဘက်ကတော့ သူတို့စတားကို ပေါင်သန်း ၁၅၀ လောက်ရမှသာ ထွက်ခွာခွင့်ပြုဖွယ်ရှိနေပါတယ်။ အီဆက်ဟာ ပြီးခဲ့တဲ့ဆဲလ်တစ်ကို ၄-၀ နဲ့အရေးနိမ့်ခဲ့တဲ့ခြေစမ်းပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး နယူးကာဆယ်နည်းပြ ဟိုဝီက အီဆက်ကို အိမ်ကိုစေလွှတ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ဆွီဒင်သားဟာ ဒဏ်ရာကြောင့် အရှေ့အာရှခရီးစဉ်ကို လွဲချော်တာဖြစ်သလို အခုလိုအိမ်ပြန်လွှတ်တာကလည်း ဒဏ်ရာကြောင့်လို့ နယူးကာဆယ်ဘက်က ပြောကြားခဲ့ပါတယ်။ အီဆက်ဟာ ၂၀၂၂ တုန်းက ဆိုစီဒက်ထံကနေ နယူးကာဆယ်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၆၅ ပွဲမှာ ၃၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆွီဒင်သားဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်တာကြောင့် နယူးကာဆယ်ဘက်က ပေါင်သန်း ၁၅၀ လောက်တန်ကြေးသတ်မှတ်ထားပါတယ်။
အီဆက်ကို ဆက်ထိန်းနိုင်ဖို့ နယူးကာဆယ်ဘက်က လုပ်ဆောင်နေပေမယ့် အခုလိုအပြောင်းအရွှေ့အတွက် တောင်းဆိုလာတာကြောင့် ခက်ခဲဖွယ်ရှိနေပါတယ်။ လီဗာပူး ဒါမှမဟုတ် အယ်လ်-ဟီလယ်အသင်းဘက်က ပေါင်သန်း ၁၅၀ ပေးချေမယ်ဆိုရင်တော့ အခုအပြောင်းအရွှေ့က ဖြစ်လာဖွယ်ရှိနေပါတယ်။