အက်စတွန်ဗီလာကြယ်ပွင့် ဒီယာဘီကို ပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ အယ်လ်အစ်တီဟတ်
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်ဟာ အက်စတွန်ဗီလာ တောင်ပံကစားသမားစား မူဆာဒီယာဘီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ အပြီးသတ်ခေါ်ယူပြီး ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ ဒီယာဘီဟာ အက်စတွန်ဗီလာနဲ့ ၁ ရာသီသာ ကုန်ဆုံးရသေးပေမယ့် အသင်းကနေထွက်ခွာဖို့ စိတ်အားထက်သန်နေပြီး ယခုအခါမှာတော့ အယ်လ်အစ်တီဟတ်နဲ့ အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ဒီယာဘီကိုသာမက ဆော်ဒီကလပ်ဟာ မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်ကိုခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ နောက်ထပ် ဆော်ဒီကလပ်တစ်ခုဖြစ်တဲ့ အယ်လ်နာဆာက အီဒါဆန်အတွက် ပေါင် ၂၅ သန်း တန်ကြေးရှိ စာချုပ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားအတွက် ပေါင် သန်း ၅၀ တန်ကြေးသတ်မှတ်ထားတဲ့ မန်စီးတီးက ပယ်ချထားပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီမှာ ကစားခဲ့ဖူးတဲ့ ဒီယာဘီဟာ ပြီးခဲ့တဲ့နှစ်က လေဗာကူဆင်မှ အက်စတွန်ဗီလာသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ တောင်ပံကစားသမားဟာ အက်စတွန်ဗီလာအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားခဲ့ပြီး ၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်ဟာ မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေပြီး ပုဂ္ဂိုလ်ရေးအရသဘောတူညီချက်တွေ ရရှိထားတယ်လို့သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ပဲ ဆက်လက်ရှေ့ဆက်ဖို့ အလားအလာများနေပါတယ်။
အယ်လ်အစ်တီဟတ်ဟာ မကြာသေးမီကပဲ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း လော်ရင့်ဘလန့်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ထားပြီးဖြစ်ပါတယ်။