ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-အစ်တီဟတ်ဆီ ပြောင်းရွှေ့လာတဲ့ ဗီလာတောင်ပံကစားသမား ဒီယာဘီ
ပြင်သစ်တောင်ပံကစားသမား ဒီယာဘီဟာ အက်စတွန်ဗီလာမှ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-အစ်တီဟတ်ဆီ ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့သွားပြီလို့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းက ယမန်နေ့နှောင်းပိုင်းမှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်တာအချိန်တုန်းက ဒီယာဘီက လေဗာကူဆင်အသင်းမှ အက်စတွန်ဗီလာဆီ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းဖြင့် ရောက်ရှိလာခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွင်း ၅၄ ပွဲကစား၊ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ကိုးကြိမ်ပြုလုပ်ပေးကာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
ဒီယာဘီအတွက် အယ်လ်-အစ်တီဟတ်ပေးချေရတဲ့ ပြောင်းရွှေ့ကြေးကိုတော့ တရားဝင်မဖော်ပြခဲ့ပါဘူး။ ပီအက်စ်ဂျီကစားသမားဟောင်းက ပြင်သစ်လူမျိုးနည်းပြ လော့ရင်ဘလန့်ကိုင်တွယ်တော့မယ့် ဆော်ဒီပရိုလိဂ်ကလပ်မှာ ပြင်သစ်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဘန်ဇီးမား၊ ကန်တီတို့နဲ့ ပြန်လည်ဆုံတွေ့ရပါလိမ့်မယ်။
စီရော်နယ်ဒို၊ နေမာတို့လိုကစားသမားတွေအပါအဝင် ကမ္ဘာ့ထိပ်တန်းကစားသမားအချို့ကို ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ခေါ်ယူနိုင်ခဲ့တဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေက နိုင်ငံတကာအပြောင်းအရွှေ့ဈေးကွက်အတွင်း ငွေကြေးသုံးစွဲမှုအများဆုံးထိပ်ဆုံးကလပ်အသင်း ငါးခုမှာ ပါဝင်လာတယ်လို့ ဖီဖာရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ သူတို့တွေက ၂၀၂၃ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာသန်း ၉၇၀ အထိ သုံးစွဲခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ချန်ပီယံကိုးကြိမ်ရှင် အယ်လ်-အစ်တီဟတ်က အယ်လ်-ဟီလယ်ကို ပြီးခဲ့တဲ့ရာသီ၊ ဆော်ဒီစူပါဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့သလို အမှတ်ပေးဇယားအဆင့်-၅ နေရာသာ ရရှိခဲ့တာကြောင့် အခုဘောလုံးရာသီ၊ အာရှချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။
အယ်လ်-အစ်တီဟတ်အသင်းစီအီးအို အိုလီဗီယာရာက “ကျွန်တော်တို့အသင်းအတွက် တောင်ပံကစားသမားသစ်ခေါ်ယူဖို့ လိုအပ်နေခဲ့ပါတယ်။ ဒီယာဘီဟာ ကမ္ဘာ့ထိပ်တန်းတောင်ပံကစားသမားတွေအနက် ပါဝင်သူဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။
အယ်လ်-အစ်တီဟတ်က သူတို့ရဲ့ဘောလုံးရာသီသစ်ကို သြဂုတ် ၂၄ ရက်မှာ Al Kholood အသင်းနဲ့ ယှဉ်ပြိုင်ကစားရင်း စတင်သွားပါလိမ့်မယ်။