The network connection is lost.

Banner Image

ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိတဲ့ ဒါလော့

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့ဟာ ခြေသလုံးကြွက်သားဒဏ်ရာရရှိပြီး လက်ကျန်ရာသီကို လွဲချော်သွားဖွယ်ရှိနေလို့ နည်းပြ ရူဘင်အာမိုရင်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာဖို့ရှိနေပါတယ်။ ဒီရာသီမှာ ဒါလော့ဟာ ယူနိုက်တက်အတွက် ပွဲစဉ်အများဆုံး ကစားပေးထားတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၅၁ ပွဲကစားထားကာ အဆိုပါ ၅၁ ပွဲထဲမှ ၄၉ ပွဲကို ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပေါ်တူဂီလက်ရွေးစင်ဟာ ရာသီကုန်အထိတော့ ဆက်လက်ကစားပေးသွားနိုင်ဖို့မရှိတော့ဘဲ ဒဏ်ရာကြောင့် ကာလရှည်အနားယူသွားရတော့မှာဖြစ်ပါတယ်။ 

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “ဒါလော့က လာမယ့်ပွဲစဉ်မှာမပါဝင်ပါဘူး။ ဘယ်လောက်အထိအနားယူသွားရမယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် နောက်တစ်ပတ်ပွဲစဉ်တွေမှာတော့ မပါဝင်နိုင်ဘူးလို့သိရပါတယ်။ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာပါ။ ပွဲဆက်တွေများလွန်းလို့ အခုလိုဖြစ်သွားပုံပါပဲ။ ရာသီကုန်အထိ အနားယူသွားရနိုင်ပါတယ်။ အပတ်တိုင်း အပတ်တိုင်း စစ်ဆေးသွားပါမယ်။ သူ ကြံ့ခိုင်မှုပြန်တည်ဆောက်နိုင်ပါသေးတယ်။ ဒီတော့ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။ 

ဒါလော့အနေနဲ့ တနင်္ဂနွေနေ့မှာယှဉ်ပြိုင်သွားမယ့် ဘုန်းမောက်နဲ့ပွဲစဉ်သာမက ဘီလ်ဘာအိုနဲ့ ထိပ်တိုက်တွေ့ဆုံသွားမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ၂ ကျော့စလုံးကိုပါ လွဲချော်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း အာမက်နဲ့ ဒီလစ်ချ်တို့နှစ်ယောက် ဒဏ်ရာပြဿနာတွေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ယူနိုက်တက်အတွက် အပြုသဘောဆောင်တဲ့အချက်တွေလည်း ကျန်ရှိနေပါသေးတယ်။ 

အာမက်က ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက အနားယူနေခဲ့ရသလို၊ ဒီလစ်ချ်ကလည်း ဧပြီလအစကတည်းက ခြေဖဝါးဒဏ်ရာရရှိထားခဲ့တာဖြစ်ပါတယ်။ ကစားသမား ၂ ဦးနဲ့ပတ်သက်ပြီး ပေါ်တူဂီသားနည်းပြက “အာမက်က ကစားဖို့နီးစပ်နေပါပြီ။ ဒီလစ်ချ်လည်းအတူတူပါပဲ။ ဟဲဗန်းကတော့ အဆင်သင့်မဖြစ်သေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ကြားရက်မှာ‌တော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ကစားသွားရပါမယ်။