The network connection is lost.

Banner Image

ဆေးစစ်ဆေးမှု မအောင်မြင်ခဲ့ခြင်းအတွက် ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကို မူဒရစ်ခ် အပြစ်တင်

ချဲလ်ဆီးတောင်ပံကစားသမားမူဒရစ်ခ်က ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကြောင့်သာ သူ့ရဲ့ဆေးစစ်မှု မအောင်မြင်ခဲ့ရခြင်း ဖြစ်တယ်လို့ အပြစ်တင်ပြောဆိုလိုက်ပါတယ်။

ပိတ်ပင်ထားတဲ့ မယ်လ်ဒိုနီယမ်ဆေးဝါးကို သုံးစွဲထားမှု စစ်ဆေးတွေ့ရှိပြီးနောက် အသက် ၂၅ နှစ်အရွယ်ကစားသမားက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ ပွဲပယ်ပြစ်ဒစ်နဲ့ ရင်ဆိုင်လိုက်ရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က သူ့ကို ကနဦး လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပေမဲ့ အားကစားဆိုင်ရာအနုညာတခုံရုံး(CAS) ဆီ အယူခံဝင်ရာ အောင်မြင်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကာလ လျှော့ချနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မူဒရစ်ခ်က ကွင်းတွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ကျန်ရာသီအတွက် နည်းပြဟောင်းရောဘတ်တိုဒီဇာဘီ ကိုင်တွယ်နေတဲ့ တော့တင်ဟမ်ဆီ အငှားစာချုပ်ဖြင့် သွားရောက်ပူးပေါင်းခဲ့ပါတယ်။

ယူကရိန်း YouTube ချန်နယ်တစ်ခုဖြစ်တဲ့ Guest of Gordon နဲ့ အင်တာဗျူးမှာ မူဒရစ်ခ်ဆီ ဘောလုံးလောကနဲ့ဝေးကွာခဲ့ရတဲ့ကိစ္စအတွက် ဘယ်သူ့ကို အပြစ်တင်ချင်လဲဆိုတဲ့ မေးခွန်းတစ်ခု ရောက်ရှိလာပါတယ်။

မူဒရစ်ခ်က "ယူကရိန်းလက်ရွေးစင်အသင်းရဲ့ပတ်ဝန်းကျင်နဲ့ အခြေအနေတွေကိုပါပဲ။ ဒါမျိုး လုံးဝ မဖြစ်သင့်ပါဘူး။ လူသိရှင်ကြား ကျွန်တော် မပြောဖူးသေးပေမဲ့ အခုတော့ ထုတ်ပြောပါတော့မယ်" လို့ ဖြေကြားခဲ့ပါတယ်။

"မယ်လ်ဒိုနီယမ်လို ဆေးမျိုးအကြောင်း ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး။ အဲဒါက အရှေ့ဥရောပမှာပဲ ရနိုင်တဲ့ ဆေးတစ်မျိုးပါ။ ယူကရိန်းမှာရှိနေတုန်းကပဲ ကျွန်တော့် ခန္ဓာကိုယ်ထဲ ဒါ ရောက်သွားနိုင်ခဲ့တာပါ။ အင်္ဂလန်မှာ ဒီလိုဆေးမျိုး မရှိပါဘူး"

သူက လက်ရွေးစင်အသင်းနဲ့အတူ ရှိနေဖို့အတွက်သာ ယူကရိန်းဆီ သွားရောက်ခဲ့တာဖြစ်ပြီး "ဒါက လက်ရွေးစင်အသင်းထဲမှာ ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ အချက်ကို ညွှန်ပြနေတယ်" လို့ ရှင်းပြခဲ့ပါတယ်။

လက်ရွေးစင်အသင်းကိုပဲ အပြစ်တင်တာလားဆိုပြီး ထပ်မေးခံရချိန်မှာတော့ မူဒရစ်ခ်က "ဟုတ်ပါတယ်၊ အတိအကျပါပဲ" လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။