The network connection is lost.

Banner Image

ဂျေဂျေဂါဘရီရယ်လ် ထွက်ခွာမယ့်ကိစ္စအတွက် ဥပဒေကြောင်းအရ အရေးယူဖို့ မန်ချက်စတာယူနိုက်တက် ပြင်ဆင်

မန်ချက်စတာယူနိုက်တက်က လူငယ်ကြယ်ပွင့် ဂျေဂျေဂါဘရီရယ်လ်ကို လက်လွှတ်ဆုံးရှုံးရမယ့်ကိစ္စအတွက် ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၁၆ နှစ်အရွယ်ကစားသမားလေးက စီနီယာအသင်းကြီးမှာ ကစားခွင့်မရရှိလို့ စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဂါဘရီရယ်လ်မှာ ဥရောပသမဂ္ဂ (EU) နိုင်ငံကူးလက်မှတ် ရှိနေလို့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့အတွက် ပိုမိုလွယ်ကူစေခဲ့ပြီး အခုတော့ သူက ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိဖို့ နီးစပ်နေပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ESPN ရဲ့ဖော်ပြချက်အရ ယူနိုက်တက်က ဂါဘရီရယ်လ်ရဲ့မှတ်ပုံတင်ခွင့်ကို လက်ဝယ်ပိုင်ဆိုင်ထားဆဲဖြစ်သလို ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ဘယ်ဘောလုံးအဖွဲ့အစည်းနဲ့မှ အဆက်အသွယ် ပြုလုပ်ထားခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေကိုယ်တိုင်လည်း ဂါဘရီရယ်လ်ရဲ့ အသင်းမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းတွေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြပြီး ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ မိသားစုဝင်တွေက အခြားကလပ်အသင်းတွေနဲ့ လျှို့ဝှက်ဆွေးနွေးခဲ့ကြတယ်လို့ ယုံကြည်နေပါတယ်။

စည်းမျဉ်းချိုးဖောက်ပြီး တရားမဝင်ချဉ်းကပ်ခဲ့တဲ့ အထောက်အထားတွေ ပေါ်ပေါက်လာရင် ဥပဒေကြောင်းအရ အရေးယူဖို့လည်း ယူနိုက်တက်က ပြင်ဆင်နေပါတယ်။

ဒါ့အပြင် အသင်းမှထွက်ခွာမယ့်အကြောင်း လူမှုကွန်ရက်ပေါ် မကြာသေးမီက ဖြန့်ဝေခဲ့တဲ့ ဂါဘရီရယ်လ်ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ယူနိုက်တက်ဆီ ကြိုတင်အသိပေးခဲ့ခြင်း မရှိဘူးလို့လည်း ESPN ရဲ့သတင်းမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။