ဖျက်သိမ်းလိုက်တဲ့ ကမ္ဘာ့ဖလားစီးပွားရေးလုပ်ပိုင်ခွင့်အစီအစဉ်ဆိုင်ရာ စာရွက်စာတမ်းတွေကို ထုတ်ပြဖို့ စီစဉ်လာတဲ့ ဖီဖာ
ဖီဖာကောင်စီဝင်ဆီ ဖျက်သိမ်းလိုက်တဲ့ FIFA Forward Enterprise (FFE) အစီအစဉ်နဲ့ပတ်သက်တဲ့ အဓိကစာရွက်စာတမ်းအချက်အလက်တွေကို လေ့လာကြည့်ရှုနိုင်ဖို့ ခွင့်ပြုပေးသွားမယ်လို့ ဒီကိစ္စကို တိုက်ရိုက်သိရှိထားသူတစ်ဦးက တနင်္လာနေ့မှာ ရိုက်တာသတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
ဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ခေါင်းဆောင်မှုအပေါ် အန္တရာယ်ဖြစ်စေခဲ့သလို အပြင်းအထန်ကန့်ကွက်မှုတွေကြောင့် ဒေါ်လာ ၂၀ ဘီလီယံတန် ကမ္ဘာ့ဖလားစီးပွားရေးလုပ်ပိုင်ခွင့် ရောင်းချမယ့်အစီအစဉ်ကို လူသိရှင်ကြားကြေညာပြီး ရက်ပိုင်းအကြာမှာတင် ဖီဖာက ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။
ဇူးရစ်ချ်မြို့ရှိ ဖီဖာဌာနချုပ်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဒီ စာရွက်စာတမ်းတွေကို လာရောက်ကြည့်ရှုလေ့လာဖို့ စိတ်ပါဝင်စားပါက စာရင်းပေးသွင်းကြရန် ဖီဖာအထွေထွေအတွင်းရေးမှူးမက်တီယပ်စ်ဂရပ်ဖ်စထရွမ်က တနင်္လာနေ့မှာ ဖီဖာကောင်စီဝင်တွေဆီ ဖိတ်ကြားစာပေးပို့ခဲ့တယ်လို့ ဒီကိစ္စကို တိုက်ရိုက်သိရှိထားသူတစ်ဦးက ဆိုပါတယ်။
ဥရောပအခြေစိုက်ဘောလုံးအဖွဲ့ချုပ်တွေက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဖိအားပေးနေသလို အင်ဖန်တီနို ပြန်လည်ရွေးချယ်ခံရမှုအပေါ် ကန့်ကွက်နေကြချိန်မှာ သူ့ရဲ့ဥက္ကဋ္ဌသက်တမ်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ဖြေကြားပေးဖို့ UEFA သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မှာပဲ အခုလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။
မအောင်မြင်ခဲ့တဲ့ FFE အစီအစဉ်အပြီး ဘောလုံးအဖွဲ့ချုပ်အများအပြားက ဖီဖာကို ဘက်စုံပြုပြင်ပြောင်းလဲသွားဖို့ တောင်းဆိုခဲ့ကြပြီး ဆွစ်-အီတာလျံလူမျိုး အင်ဖန်တီနိုကလည်း အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ် ပြန်လည်သုံးသပ်ပေးကြဖို့ အတိတ်မှာ အဆိုပြုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့လအတွင်း UEFA က FFE အစီအစဉ်နဲ့ ဖီဖာငြိမ်းချမ်းရေးဆုချီးမြှင့်မှု အပါအဝင် အင်ဖန်တီနိုရဲ့ ဥက္ကဋ္ဌတာဝန်ယူမှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ပေးပို့ရင်း နိုဝင်ဘာ ၂ ရက် နောက်ဆုံးထားဖြေကြားပေးဖို့ ဖီဖာဆီ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
အထက်ပါသတင်းရင်းမြစ်က "လတ်တလော အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပမယ့် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲအသစ်တစ်ခုကို စီစဉ်ကျင်းပဖို့ အဓိကအာရုံစိုက်နေရလို့ မေးခွန်း ၁၀၀ ကျော် ဖြေကြားပေးဖို့ UEFA ရဲ့ သီတင်းပတ်နှစ်ပတ်ကြာ သတ်မှတ်ချက်ကို လက်တွေ့မကျဘူးလို့ ဖီဖာက ရှုမြင်ခဲ့ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
"ဒါ့အပြင် ၂၀၃၁ ခုနှစ်နဲ့ ၂၀၃၅ ခုနှစ် ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတွေကို ဆုံးဖြတ်ဖို့အတွက် လာမယ့်နိုဝင်ဘာ ၂၃ ရက်မှာ ကျင်းပမယ့် အထူးညီလာခံအတွက်လည်း ဒီအဖွဲ့အစည်းက ပြင်ဆင်နေရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိဖြစ်ပွားနေတဲ့ ဥပဒေရေးရာအရေးယူဆောင်ရွက်မှုတွေကလည်း ဥပဒေကြောင်းအရ ကန့်သတ်ချက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်"
"ကောင်စီဝင်တွေကို သင့်လျော်တဲ့အချိန်မှာ အကြောင်းပြန်ကြားသွားမယ်လို့ ဖီဖာက ရပ်တည်ထားဆဲဖြစ်ပြီး အဓိကစာရွက်စာတမ်းတွေကို ကြည့်ရှုဖို့ ဖိတ်ကြားမှုဆိုတာလည်း ကောင်စီဝင်တွေအတွက်သာ ဖြစ်ပါတယ်" လို့ ဆက်လက်ပြောဆိုပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်ကျော်ကာလမှာ အာရှဘောလုံးအဖွဲ့ချုပ်အကြီးအကဲက အင်ဖန်တီနိုရဲ့ စတုတ္ထမြောက်ဥက္ကဋ္ဌသက်တမ်းအတွက် ထောက်ခံပေးခဲ့လို့ ပြန်လည်ရွေးချယ်ခံရဖို့ အခွင့်အလမ်း သိသိသာသာ အားကောင်းလာခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ဖီဖာလက်ရှိအကြီးအကဲကို ဆန့်ကျင်တဲ့နေရာမှာ ဥရောပကို ပိုမိုအထီးကျန်သွားစေခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာ ၁၈ ရက်နောက်ဆုံးထားကာ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းနိုင်ပြီး အင်ဖန်တီနိုကတော့ ၂၀၂၇ ခုနှစ်၊ မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေပါတယ်။