လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမဲ့ ချဲလ်ဆီးကို ကောင်းမွန်တဲ့အဆင့်အတန်းတစ်ခုမှာ ရှိနေတယ်လို့ အလွန်ဆို ယုံကြည်ထား
ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၈ ရက်)မှာ လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ပေမဲ့ ချဲလ်ဆီးနည်းပြအလွန်ဆိုကတော့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
အခုပွဲစဉ်မှာ အလွန်ဆိုက ပြီးခဲ့တဲ့နွေရာသီ၊ ချဲလ်ဆီးနည်းပြအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူရဲ့အောင်မြေဖြစ်တဲ့ အန်ဖီးလ်ကွင်းဆီ ရောက်ရှိလာပါတယ်။
အလွန်ဆိုရဲ့အသင်းအတွက် ပင်နယ်တီအဆုံးအဖြတ်အရေးနိမ့်မှု ဖြစ်သလို လီဗာပူးကို ပွဲစဉ်ဆီ ပြန်လည်ရောက်ရှိလာစေမယ့် ပင်နယ်တီအခွင့်အရေးဖန်တီးပေးခဲ့သူ ဝီစလေဖိုဖာနာကိုယ်တိုင်ပဲ အဆုံးအဖြတ်ပင်နယ်တီကို လွဲချော်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးက အလွန်ဆိုလက်အောက် အခက်ခဲဆုံးအချိန်ကာလတစ်ခုဆီ ရောက်ရှိလာခဲ့ပြီဆိုတဲ့အချက်ကို ငြင်းပယ်လို့ မရနိုင်ပါဘူး။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် အလွန်ဆိုက သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
သူက "ပင်နယ်တီအဆုံးအဖြတ်ဆီ ရောက်သွားပြီး ပြိုင်ပွဲမှ ထွက်ခွာလာရတယ်ဆိုတာ အရမ်းရက်စက်တယ်လို့ လူတိုင်း ခံစားမိပါလိမ့်မယ်။ အသင်းနှစ်ခုလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ ပင်နယ်တီဆိုတာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ" လို့ ပြောပါတယ်။
"ကစားသမားတွေက အန်းဖီးလ်မှာယှဉ်ပြိုင်ဖို့ လုံလောက်ပြီး ကောင်းမွန်တဲ့ အဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပင်နယ်တီပေးလိုက်ရပြီး သရေဖြစ်သွားတယ်။ ဒီပွဲစဉ်က အသင်းနှစ်ခုလုံးအတွ့် တကယ့်ကို အကြိတ်အနယ်ရှိခဲ့ပါတယ်"
"မိုက်ပန်ဒါစ်ရဲ့ ခိုင်မာအားကောင်းတဲ့ စွမ်းဆောင်ရည်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးမပေးခဲ့ရပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်လည်း အတော်လေး တည်ငြိမ်ခိုင်မာခဲ့ပါတယ်။ ဒါက ပထမပိုင်းမှာ ကျွန်တော်တို့အတွက် အလွန်အရေးပါခဲ့ပါတယ်"
"ဘောလုံးဆိုတာ ဒါပါပဲ။ ဒါက ကျွန်တော်တို့အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ကောင်းမွန်တဲ့ အဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့ပြီး ဒီကွင်းဆီလာကစားချိန်တိုင်း ဒီလိုစွမ်းဆောင်ရည်မျိုး လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်ကတော့ အဓိကအာရုံစိုက်သွားရမယ့် အရာပါ"
"စနေနေ့မှာ ပွဲစဉ်ရှိနေပြီး အစောပိုင်းပွဲချိန်ဖြစ်နေဖို့ ပြန်လည်နာလန်ထူဖို့ အချိန်သိပ်မရှိပါဘူး။ ဒါကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို အမြန်ဆုံးအပြောင်းအလဲပြုလုပ်ဖို့ လိုအပ်ပါတယ်" လို့ ဆက်ပြောခဲ့ပါတယ်။