ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပေမဲ့ အရှိန်အဟုန်အပြည့် အစွမ်းကုန်ကစားသွားကြဖို့ လီဗာပူးကစားသမားတွေဆီ အီရာအိုလာတိုက်တွန်း
ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံတွေ့နေရပေမဲ့ အရှိန်အဟုန်ပြင်းပြင်း ဖိအားပေးကစားတဲ့ သူ့ရဲ့တောင်းဆိုမှုတွေကို လျှော့ချပေးဖို့ မဖြစ်နိုင်ဘူးလို့ လီဗာပူးနည်းပြအန်ဒိုနီ အီရာအိုလာက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်အတွက် ဆိုဘိုဆလိုင်း၊ ဖရင်းပေါင်နဲ့ မူနော့ဇ်တို့ကို မဖြစ်မနေချန်လှပ်ထားရဖို့ ရှိသလို အီဆက်ခ်နဲ့ ဂတ်ပိုတို့လည်း ဒဏ်ရာမှပြန်သက်သာလာတာ မကြာသေးပါဘူး။
ဘုန်းမောက်မှာကျင့်သုံးခဲ့တဲ့ စွမ်းအင်အပြည့်ကစားဟန်က အောင်မြင်မှုတွေ ရရှိခဲ့လို့ အန်ဖီးလ်နည်းပြရာထူးအတွက် ပန်းခင်းလမ်းဖြစ်ခဲ့ပေမဲ့ နည်းပြဘ၀သက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲထပ်ဆောင်းဝန်ထုပ်ဝန်ပိုးတွေကိုလည်း အီရာအိုလာ ရင်ဆိုင်နေရပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အီရာအိုလာက "ကျွန်တော်တို့ကစားချင်တဲ့ပုံစံကို ၇၀ ရာခိုင်နှုန်းလောက်နဲ့ ကစားလို့ မရပါဘူး" လို့ ပြောပါတယ်။
"အရန်ခုံမှာ ညာတောင်ပံကစားသမား မရှိဘူးဆိုရင်တောင် တခြားတစ်ဦးဦးကို ညာတောင်ပံနေရာမှာ ထည့်ကစားပါမယ်။ မိနစ် ၉၀ ပြည့် ကစားနိုင်ဖို့အတွက် စွမ်းအင် ချွေတာနေတာထက်စာရင် အဲဒီလို လုပ်တာကိုပဲ ကျွန်တော် ပိုသဘောကျပါတယ်"
"မိနစ် ၆၀၊ ၆၅၊ ၇၀ ဒါမှမဟုတ် ၇၂ မိနစ်လောက်အထိ အစွမ်းကုန် အရာအားလုံး ပေးဆပ်ကစားပါ၊ အဲဒီနောက် ကျန်တဲ့ ၁၈ မိနစ်ပဲဖြစ်ဖြစ်၊ ၃၅ မိနစ်ပဲဖြစ်ဖြစ် တခြားလူတစ်ဦးဦး ဝင်ကစားပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အရှိန်အပြည့်နဲ့ အစွမ်းကုန်ကစားဖို့ လိုအပ်လို့ပါ"
"ကျွန်တော်တို့က ၇၀ ရာခိုင်နှုန်းလောက်ပဲ ကစားပြီး ပွဲတွေကို အနိုင်ယူနိုင်လောက်အောင် ကောင်းမွန်ပါတယ်လို့ ပြောချင်ပေမဲ့ လက်တွေ့မှာတော့ အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အသင်းတွေက အရမ်းကောင်းလို့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံနဲ့ပဲ ကစားရပါမယ်" လို့ ပြောပါတယ်။
အခုသီတင်းပတ်ကုန်ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားတတိယနေရာမှာ ရှိနေတဲ့ ဘရိုက်တန်က ခုနစ်ပွဲကစားပြီးချိန် ၂၃ ဂိုးအထိ သွင်းယူကာ ပရီးမီးယားလိဂ်တိုက်စစ်အားအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
အီရာအိုလာက "သူတို့တွေ တကယ်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင် ကောင်းမွန်နေတယ်လို့ ထင်ပါတယ်။ သူတို့ ရရှိနေတဲ့ ချီးကျူးမှုအားလုံးနဲ့လည်း ထိုက်တန်ပြီး ဒီအပေါ်မှာ သံသယဖြစ်စရာ သိပ်မရှိပါဘူး။ နည်းပြပိုင်း အလွန်ကောင်းမွန်တဲ့ အသင်းတစ်သင်းလို့ ကျွန်တော် မြင်ပါတယ်"
"အခုအချိန်၊ သူတို့ဆီမှာ ယုံကြည်မှုအပြည့်ရှိနေလို့ ဘရိုက်တန်ကို အနိုင်ယူဖို့အတွက် ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံမှာ ရှိနေရပါမယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းကလည်း ကောင်းမွန်တဲ့အနေအထားတစ်ခုမှာ ရှိနေတာကို မြင်တွေ့ရပါတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်၊ ဘရန့်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာမှပြန်သက်သာလာတဲ့ ဆိုဘိုဆလိုင်းရဲ့ပွဲကစားချိန် စောစောစီးစီးအဆုံးသတ်သွားပေမဲ့ ဒီဟန်ဂေရီလက်ရွေးစင်ကို အချိန်အကြာကြီး လက်လွှတ်သွားရဖို့ မရှိဘူးလို့ အီရာအိုလာ မျှော်လင့်နေပါတယ်။
စပိန်လူမျိုးနည်းပြက "သူ ပြန်လာဖို့ သိပ်မဝေးတော့ဘူးလို့ ထင်ပေမဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်သေးပါဘူး။ ပြီးတော့ သူ့ကို ပွဲထွက်ကစားစေခဲ့ပြီးမှ ပြန်ထုတ်လိုက်ရတာကို ထည့်တွက်မယ်ဆိုရင် ပြီးခဲ့တဲ့သီတင်းပတ်ထက် တစ်ရက်၊ နှစ်ရက်လောက် ပိုပြီး အချိန်ယူရဖွယ် ရှိပါတယ်"
"သူ့ရဲ့အခြေအနေ ကောင်းပါတယ်။ ဆိုဘိုဆလိုင်းက ကွင်းထဲမှာ တစ်ဦးတည်းသီးသန့်လေ့ကျင့်နေပါပြီ။ မကြာခင်မှာ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ပါလိမ့်မယ်။ ဒါပေမဲ့ အခုပွဲစဉ်အတွက်တော့ အဆင်သင့်မဖြစ်သေးပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။