The network connection is lost.

Banner Image

တစ်ကမ္ဘာလုံးနဲ့ ရင်ဆိုင်သွားရမယ်လို့ အန်ဖီးလ်ကွင်းနိုင်ပွဲအပြီး မန်စီးတီးကြယ်ပွင့်ဟောင်း မီကာရတ်ချတ်စ် တုံ့ပြန်လာ

လီဗာပူးကွင်းမှာ သူ့ရဲ့ကလပ်အသင်းဟောင်း ရရှိခဲ့တဲ့ အံ့မခန်းနိုင်ပွဲနဲ့ပတ်သက်လို့ မန်စီးတီးနောက်ခံလူဟောင်းမီကာရစ်ချတ်စ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ်ကာလအတွင်း စွဲချက်ပေါင်း ၁၁၅ ခုနဲ့ သက်ဆိုင်တဲ့ သတင်းဆိုးတွေ ထွက်ပေါ်လာပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် မန်စီးတီးက အန်ဖီးလ်မှာ ဟာလန်း၊ ဒိုကူ၊ ချာကီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အဖိုးတန်နိုင်ပွဲတစ်ခုကို ပုံဖော်ခဲ့ပါတယ်။

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဆိုင်ရာ စွဲချက်အများစုအတွက် အပြစ်ရှိတယ်ဆိုတဲ့ သီးခြားလွတ်လပ်တဲ့ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မန်စီးတီး အယူခံဝင်ထားပေမဲ့ ဒါက ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းအတွက် အလွန်ဆိုးရွားပြင်းထန်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုဝေဖန်မှုတွေကြောင့် မန်စီးတီးကစားသမားတွေ ပိုမိုစိတ်အားတက်ကြွလာပြီး အန်ဖီးလ်ကွင်းစွမ်းဆောင်ရည်မျိုး တုံ့ပြန်မှုတစ်ခု သေချာပေါက်ထွက်ပေါ်လာလိမ့်မယ်လို့ မီကာရစ်ချတ်စ် ယုံကြည်နေပါတယ်။

BBC Sport ရဲ့ဖော်ပြချက်အရ Sky Sports ရုပ်သံသုံးသပ်သူအဖြစ် ဆောင်ရွက်ချိန် ရစ်ချတ်စ်က "ဒါ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျား အဝတ်လဲခန်းထဲမှာ ရှိနေချိန် ပြင်ပဆူညံသံတွေ ရှိနေတယ်ဆိုတာ ခင်ဗျားကို ပိုပြီး သန်မာလာစေလို့ပါပဲ" လို့ ပြောပါတယ်။

"ဒါက တစ်ကမ္ဘာလုံးကို ကျွန်တော်တို့ ရင်ဆိုင်သွားရမယ့် သဘောပါပဲ။ ဒီလို စွမ်းဆောင်ရည်မျိုး သေချာပေါက် ဖြစ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။

ဒီစကားထဲမှာ အမှန်တရားတွေ အများကြီး ပါဝင်နိုင်ပေမဲ့ တချိန်တည်းမှာပဲ မန်စီးတီးအပေါ်စွဲဆိုထားတဲ့ အမှုတွေရဲ့ ဆိုးရွားပြင်းထန်ပုံကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ရစ်ချတ်စ်ရဲ့စကားက အခြေအနေမှန်ကို သတိမပြုမိဘဲ ပြောဆိုသလိုမျိုး အနည်းငယ် ခံစားမိစေပါတယ်။