မန်စီးတီးအမှုအခင်းကြောင့် ပရီးမီးယားလိဂ်အပေါ် ပရိသတ်တွေ အယုံအကြည့်ကင်းမဲ့သွားနိုင်တဲ့ကိစ္စကို စိုးရိမ်နေတဲ့ ဂလက်စ်နာ
ပရီးမီးယားလိဂ်ရဲ့ ဂုဏ်သိက္ခာနဲ့ တရားမျှတမှုအပေါ် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေချိန် နော်တင်ဟမ်ဖောရက်စ်နည်းပြအိုလီဗာဂလက်စ်နာက မန်စီးတီးရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကြား ကာလကို လွှမ်းခြုံထားတဲ့ စည်းမျဉ်းချိုးဖောက်မှုစွပ်စွဲချက် ၁၁၅ ခုဖြင့် မန်စီးတီးကို ပရီးမီးယားလိဂ်က စွဲချက်တင်ခဲ့ပြီး ဒီစွဲချက်တွေနဲ့ပတ်သက်လို့ မန်စီးတီးကလည်း အယူခံဝင်ထားပါတယ်။
ဝင်ငွေတွေ ဖောင်းပွစေဖို့နဲ့ ကုန်ကျစရိတ်တွေကို ပေါင် သန်း ၉၀၀ ကျော်အထိ လျှော့ချပြသနိုင်ဖို့အတွက် မန်စီးတီးက ဟန်ပြစီးပွားရေးအစီအစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပြီး ပြိုင်ဘက်တွေကလည်း ပြစ်ဒဏ်ချမှတ်မှုကို စောင့်မျှော်နေကြချိန် ဒီလိဂ်ပြိုင်ပွဲရဲ့အနာဂတ်အတွက် သူ စိုးရိမ်မိတယ်လို့ ဂလက်စ်နာက ဝန်ခံခဲ့ပါတယ်။
ဒီကာလအတွင်း မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်နဲ့ ကာရာဘောင်ဖလားတစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်းနှစ်ကြိမ် ဗိုလ်စွဲခဲ့ပြီး မန်စီးတီးအတွက် အခုလိုကန့်သတ်ချက်တွေကို လွယ်လွယ်ကူကူကျော်လွှားခွင့် ရရှိသွားမယ်ဆိုရင် ပရိသတ်တွေကိုယ်တိုင်လည်း ပရီးမီးယားလိဂ်အပေါ် ယုံကြည်မှုထားရှိနိုင်ဦးမလားဆိုတတဲ့အချက်နဲ့ပတ်သက်လို့ ဂလက်စ်နာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"အပြီးသတ်စီရင်ချက် ထွက်ရှိလာချိန် စောင့်ကြည့်ကြတာပေါ့၊ ဒါပေမဲ့ ကျွန်တော်ရဲ့ဆန္ဒကတော့ ဒီကိစ္စကို မြန်မြန်ဆန်ဆန် ပြီးပြတ်စေချင်ပါတယ်" လို့ သူက The Guardian ကို ပြောပါတယ်။ "ဘာကြောင့်လဲဆိုတော့ ပဲလေ့စ်မှာတုန်းက ကျွန်တော်တို့ ယူရိုပါလိဂ် ရောက်မလား၊ ကွန်းဖရန့်စ်လိဂ် ရောက်မလားဆိုတာ မသိခဲ့ရဘဲ 'ကြာသပတေးနေ့ကျရင် အဖြေသိရမယ်' လို့ ပြောခဲ့ပေမဲ့ အမြဲတမ်းနှောင့်နှေးကြန့်ကြာနေခဲ့တာကြောင့် နောက်တော့ တနင်္လာနေ့ ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ကွန်ဖရန့်လိဂ်မစတင်ခင် ၁၀ ရက်အလိုကျမှသာ ကျွန်တော်တို့အတွက် အပြီးသတ်ဆုံးဖြတ်ချက်ကို ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီကိစ္စကို တက်နိုင်သမျှ အမြန်ဆုံးပြီးပြတ်အောင် လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်"
"ဒါက အင်္ဂလန်မှာတင်မက ပရီးမီးယားလိဂ်အတွက်ပါ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ တစ်ကမ္ဘာလုံးမှာ.... အထူးသဖြင့် ဥရောပမှာ ဒီကိစ္စက ခေါင်းကြီးပိုင်းသတင်း ဖြစ်နေပါတယ်။ အရေးကြီးဆုံးအရာကတော့ လိဂ်ရဲ့ ဂုဏ်သိက္ခာနဲ့ တရားမျှတမှုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေရဲ့ယုံကြည်မှု ပျက်ပြားသွားမယ်ဆိုရင် သူတို့တွေ ပရီးမီးယားလိဂ်ကို ဆက်ကြည့်ချင်စရာ မရှိတော့လို့ပါပဲ" လို့ ဆိုပါတယ်။
မန်စီးတီးကတော့ အမှားအယွင်းတစုံတရာ ကျူးလွန်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး လွန်ခဲ့တဲ့သီတင်းပတ်၊ ကြာသပတေးနေ့မှာပဲ အယူခံတင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအယူခံမှုရဲ့ရလဒ်က လာမယ့်နှစ်အစောပိုင်းလောက်မှ အဖြေထွက်ပေါ်လာနိုင်ခြေ ရှိပါတယ်။ ဒီကာလအတွင်းမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီးက လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်လာချိန် လာမယ့်တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်သွားရပါမယ်။