ပေါ်တူဂီဒရာမာဇာတ်လမ်းအပြီး စီရော်နယ်ဒိုဆီ ပြတ်ပြတ်သားသား သတင်းစကားပါးလာတဲ့ ဂျော့ရှ်ဂျီးဆပ်စ်
နိုင်ငံလက်ရွေးစင်တာဝန်ကို စွန့်ခွာသွားတဲ့ ဂန္တဝင်တောင်ပံကစားသမားကြီး စီရော်နယ်ဒိုရဲ့ အခြေအနေနဲ့ပတ်သက်လို့ ပေါ်တူဂီနည်းပြဂျော့ရှ်ဂျီးဆပ်စ်က ထုတ်ဖော်ပြောဆိုလာပါတယ်။
အယ်လ်နာဆာမှာ အသက် ၄၁ နှစ်အရွယ်ကစားသမားနဲ့ လက်တွဲခဲ့ဖူးတဲ့ ဂျော့ရှ်ဂျီးဆပ်စ်လည်း ပေါ်တူဂီအသင်းစခန်းသွင်းလေ့ကျင့်မှုမှ ဒေါသတကြီးထွက်ခွာသွားတဲ့ စီရော်နယ်ဒိုနဲ့အတူ အခုနိုင်ငံတကာသီတင်းပတ်ရဲ့ အကြီးမားဆုံးသတင်းဇာတ်လမ်းတွေအနက် တစ်ခုမှာ ပါဝင်ပတ်သက်လာပါတယ်။
နော်ဝေမြေမှာ ၁-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ဒီတိုက်စစ်မှူးကို လူစားဝင်ကစားခွင့်ပေးမယ်လို့ ဂျီးဆပ်စ်ကိုယ်တိုင် အာမခံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုက ပွဲချိန်ပြည့်အရန်ခုံမှာသာ အချိန်ကုန်ဆုံးခဲ့ရလို့ အလွန်စိတ်ပျက်ဒေါသထွက်ခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းလူစာရင်းမှ စီရော်နယ်ဒို ထွက်ခွာသွားပြီးနောက် ပေါ်တူဂီက အဝေးကွင်းမှာ ဒိန်းမတ်ကို ၂-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
လတ်တလော စီရော်နယ်ဒိုရဲ့ လက်ရွေးစင်အသင်းဆီ ပြန်လာနိုင်မလားဆိုတဲ့ ဇာတ်လမ်းကို ပရိတ်အများစု စိတ်ဝင်စားနေကြပြီး ဂျီးဆပ်စ်ကတော့ လက်ရွေးစင်အသင်းမှာ နေရာရရှိဖို့အတွက် တိုက်ပွဲဝင်သွားဖို့ဆိုတာ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဆီမှာပဲ မူတည်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။
"ကျွန်တော့်အမြင်အရတော့ နားလည်ရခက်တဲ့ အခြေအနေတစ်ခုကြောင့် တစ်နှစ်တာ ခင်မင်ရင်းနှီးမှုကို တစ်ဖက်လူအပေါ် အပြစ်တင်မုန်းတီးစရာကိစ္စအဖြစ် သဘောမထားသင့်ပါဘူး"
"စီရော်နယ်ဒို ဖြစ်နေလို့သာပါ။ စီရော်နယ်ဒိုက ပြယုဂ်တစ်ခု ဖြစ်နေတာကြောင့်လည်း သွေးပူလေ့ကျင့်ခန်း လုပ်တာ၊ မလုပ်တာ၊ လူစားဝင်ရတာ၊ မဝင်ရတာ စတဲ့ ပြဿနာတစ်ခုလုံး ပေါ်ပေါက်လာခဲ့တာပါ"
"ဒီနေ့မှာ ကစားသမားဘယ်လောက်များများ သွေးပူလေ့ကျင့်ခန်း လုပ်ပြီး လူစားဝင် မကစားခဲ့ရတာလဲ? ဘယ်လောက်ရှိပါသလဲ? သူတို့ထဲက တစ်ဦးဦးနဲ့ ပြဿနာဖြစ်စရာ ရှိသလား? မရှိပါဘူး"
"နောက်တစ်ကြိမ် လူစာရင်းမခေါ်ယူမီ ကျွန်တော်တို့ စကားပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ရမယ့်သူကတော့ ခရစ္စတီယာနိုရော်နယ်ဒို ကိုယ်တိုင်ပါပဲ"
"ခရစ္စတီယာနိုရော်နယ်ဒိုကိုယ်တိုင်လည်း လက်ရွေးစင်အသင်းမှာ သူ့ရဲ့အချိန်ကာလကို သူဖြစ်ချင်တဲ့ပုံစံအတိုင်း အဆုံးသတ်သင့်သလို ဘယ်လိုပုံစံမျိုး လိုချင်သလဲဆိုတာကိုလည်း သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ပထမဆုံးလူစာရင်းရွေးချယ်မှုမှာ 'ခင်ဗျားကို ကျွန်တော် လိုအပ်တယ်၊ ကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ ကျွန်တော့်အနားမှာ ရှိနေပေးဖို့ လိုအပ်တယ်' လို့ ပြောခဲ့ပါတယ်။ အခုလည်း ကျွန်တော် ဒီစကားကိုပဲ ထပ်ပြောနေတာပါ" လို့ ဆိုပါတယ်။
နော်ဝေနဲ့ပွဲစဉ်က နောက်ဆုံး ၁၈ နှစ်အတွင်း ပေါ်တူဂီရဲ့ပွဲနေ့လူစာရင်းမှာ စီရော်နယ်ဒိုရဲ့အမည် ပါဝင်ပေမဲ့ ပထမဆုံးအကြိမ်ပွဲကစားချိန်မရရှိတဲ့ ပွဲစဉ် ဖြစ်လာပါတယ်။ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ကြိုးပမ်းနေတဲ့ အသက် ၄၁ နှစ်အရွယ်ကစားသမားအတွက်တော့ အသင်းအတွက် ပွဲကစားချိန်နည်းပါးလာတဲ့ အခန်းကဏ္ဍကို လက်ခံပေးဖို့ဆိုတာ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။