The network connection is lost.

Banner Image

အနာဂတ်နဲ့ပတ်သက်လို့ အရိပ်အမြွက်ပြောကြားလာတဲ့ ပရီးမီးယားလိဂ်အကျော်အမော်နည်းပြဟောင်း ကွန်တီ

အခုအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတဲ့ အီတာလျံဂန္ထဝင်နည်းပြကွန်တီက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

ကွန်တီက နည်းပြဘ၀သက်တမ်းတလျှောက် ဘာရီ၊ ဂျူဗင်တပ်စ်၊ ချဲလ်ဆီး၊ အင်တာမီလန်၊ နာပိုလီ အပါအဝင် မတူညီတဲ့ကလပ်အသင်းငါးခုနဲ့အတူ အမှတ်ပေးချန်ပီယံဆုကို ခုနစ်ကြိမ်တိုင်တိုင် ရယူခဲ့ဖူးပေမဲ့ လတ်တလောမှာတော့ ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။

စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးချိန် နာပိုလီနဲ့ နှစ်ဖက်သဘောတူညီမှုရယူကာ လမ်းခွဲလာတဲ့ ကွန်တီက သူ့အတွက် နောက်ထပ်အခွင့်အရေးတစ်ခုကို ဆက်လက်ရှာဖွေနေပါတယ်။

ကွန်တီအတွက် အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးလည်း ရှိခဲ့ဖူးပေမဲ့ အဆုံးမှာတော့ လက်တွေ့မဖြစ်လာခဲ့ပါဘူး။

နာပိုလီမှမထွက်ခွာလာခင် အသင်းနဲ့အတူ စကူဒက်တိုချန်ပီယံဆုနဲ့ အီတာလျံစူပါဖလား ရယူခဲ့ဖူးတဲ့ ကွန်တီက သူ့ရဲ့စိတ်ကူးစီမံကိန်းကို ထုတ်ဖော်ရင်း အနာဂတ်အတွက် မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းက "ဆုဖလားတွေ၊ လိဂ်ချန်ပီယံဆုတွေ၊ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ ကလပ်အသင်းတစ်ခုဆီ ရောက်သွားမယ်ဆိုရင် အဲ့ဒီသမို်ငးကြောင်းကို ဂုဏ်ပြုနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ လက်ရှိအချိန်မှာ အဲ့ဒီပုံစံမျိုးမရှိတော့ဘူးဆိုရင်တောင် အဲ့ဒီပန်းတိုင်တွေအတွက် ပြန်လည်တိုက်ပွဲဝင်ဖို့ အဲ့ဒီကလပ်အသင်းကို ထိပ်ဆုံးအဆင့်ဆီ ပြန်လည်ခေါ်ဆောင်သွားလိုတဲ့ ရည်မှန်းချက်မျိုး ထားရှိခြင်းပဲ ဖြစ်ပါတယ်"

"နှစ်တိုင်းမှာ အသင်းတစ်ခုတည်းကသာ ဆုဖလားကို အနိုင်ရရှိတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ 'ငါတို့လည်း အနိုင်ရနိုင်တယ်ကွာ' လို့ ပြောထွက်စေမယ့် အဲဒီမျှော်လင့်ချက်၊ အဲဒီမီးပွားလေးကို ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ထည့်သွင်းထားဖို့ လိုသလို ပရိသတ်တွေ၊ ကျွန်တော့်ရဲ့ကစားသမားတွေနဲ့ ဒါရိုက်တာတွေရဲ့နှလုံးသားဆီလည်း သွပ်သွင်းပေးရပါမယ်။ အနိုင်ရရှိမှသာ သမိုင်းသစ်ကို ဖန်တီးနိုင်ပါမယ်"

"သူတို့ရဲ့သမိုင်းကြောင်းကို မေ့လျော့နေကြတဲ့ ကလပ်အသင်းတွေ အများကြီး ရှိပါတယ်။ အဲဒီသမိုင်းကြောင်းပေါ် ရှိနေတဲ့ ဖုန်တွေကို သုတ်သင်ရှင်းလင်းပြီး နောက်တစ်ကြိမ် ပြန်လည်တောက်ပလာစေဖို့အတွက် အဲဒီလိုကလပ်အသင်းတစ်ခုခုဆီ ကျွန်တော် သွားချင်ပါတယ်"

"ဖိအားတွေရှိနေတဲ့ ကလပ်တွေ၊ အဆုံးမှာ ပါဝင်ယှဉ်ပြိုင်ရုံသက်သက်မဟုတ်ဘဲ အနိုင်ရရှိဖို့အတွက် ယှဉ်ပြိုင်တယ်ဆိုတာကို ကောင်းကောင်းသိထားတဲ့ ကလပ်အသင်းမျိုးပေါ့" လို့ ပြောပါတယ်။

သူ့ရဲ့မှတ်ချက်တွေကြောင့် Daily Mail သတင်းစာက ဒီအီတာလျံနည်းပြကို ထိပ်တန်းအဆင့်နဲ့ ဝေးကွာနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့အတူ ချိတ်ဆက်ဖော်ပြလာပါတယ်။

သရဲနီတွေက ဆယ်စုနှစ်တစ်ခုကျော်ကြာ လိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေပြီး ဒီလိုအောင်မြင်မှုဆီ ပြန်သွားနိုင်ဖို့ နည်းပြအပြောင်းအလဲတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် သင့်တော်မယ့်စီမံကိန်းတစ်ခု ရှာဖွေနေတဲ့ ကွန်တီလည်း ယူနိုက်တက်ရဲ့စောင့်ကြည့်မှုစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။