ရာသီသစ်စတင်ပြီး ငါးပွဲအကြာမှာတင် နည်းပြကားလို့စ်ကွီစတာကို ရာထူးမှ ထုတ်ပယ်လိုက်တဲ့ ပါးမား
စီးရီးအေကလပ်အသင်းပါးမားက နှစ်ဖက်သဘောတူညီမှုဖြင့် နည်းပြကားလို့စ်ကွီစတာနဲ့ လမ်းခွဲလိုက်ပြီလို့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကလပ်အသင်းနဲ့ နည်းပြတို့အကြား တွေ့ဆုံဆွေးနွေးမှုအပြီး ပါးမားရဲ့ထုတ်ပြန်ချက်မှာ "အထူးသဖြင့် အားကစားဆိုင်ရာ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ အတူတကွ ဆက်လက်လက်တွဲလုပ်ကိုင်ဆောင်ရွက်ဖို့အတွက် နှစ်ဖက်အကြား အခြေအနေတွေ မပေးတော့တာကြောင့် အခုလို သဘောတူညီမှု ရယူခဲ့ကြတာပါ" လို့ ဖော်ပြထားပါတယ်။
အတိတ်မှာ အာဆင်နယ်အသင်းအတွက် အာတီတာရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အသက် ၃၁ နှစ်အရွယ်စပိန်လူမျိုးနည်းပြက ၂၀၂၅ ခုနှစ်မှာ လက်ရှိအင်တာမီလန်နည်းပြချီဗျူးရဲ့နေရာကို အစားထိုးဖို့ နှစ်နှစ်သက်တမ်းရှိစာချုပ်ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါက ကွီစတာအတွက် ပထမဆုံးစီနီယာနည်းပြရာထူးလည်း ဖြစ်ပါတယ်။
Instagram မှတဆင့် ကွီစတာက "တကယ့်ကို ပြင်းထန်လှတဲ့ တစ်နှစ်ခွဲတာကာလတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော် အလွန်သံယောဇဉ်တွယ်တာခဲ့ရတဲ့ အသင်းနဲ့ ကလပ်တစ်ခုအတွက် နောက်ဆုံးနေ့ရက်အထိ အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်" လို့ ရေးသားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်က ဂျီနိုအာကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပါးမားရဲ့ အခုရာသီ၊ ပထမဆုံးစီးရီးအေနိုင်ပွဲအပြီး သီတင်းတစ်ပတ်အကြာမှာ ထွက်ပေါ်လာတာပါ။ လိဂ်ငါးပွဲကစားပြီးချိန်မှာတော့ ပါးမားက စီးရီးအေအမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
ကွီစတာက "ကျွန်တော်တို့ အမြဲလိုလားတောင့်တခဲ့တဲ့ 'အနိုင်ရရှိရေး' ဆိုတဲ့အရာကို ရယူနိုင်ဖို့အတွက် နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ခဲ့ကြတဲ့ စည်းလုံးညီညွတ်တဲ့ မိသားစုတစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
နည်းပြသစ်ခန့်အပ်မှုနဲ့ပတ်သက်တဲ့ နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုတွေ မတိုင်ခင် တနင်္လာနေ့လေ့ကျင့်ရေးအစီအစဉ်တွေကို ကလပ်အသင်းရဲ့နည်းပြအဖွဲ့သာ တာဝန်ယူဦးဆောင်သွားလိမ့်မယ်လို့ ပါးမားက ထုတ်ပြန်ထားပါတယ်။