The network connection is lost.

Banner Image

အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် ထောက်ပံ့ငွေ တိုးမြှင့်ပေးဖို့ လမ်းဖွင့်ပေးလိုက်တဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို

အောက်တိုဘာ ၁၅ ရက်၊ ဖီဖာကောင်စီရဲ့အစည်းအဝေးမှာ နောက်ထပ်အပိုထပ်ဆောင်းပေးငွေကိစ္စ စဉ်းစားသွားဖို့ ရှိနေမှုနဲ့အတူ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အဖွဲ့ဝင် ၂၁၁ နိုင်ငံအတွက် ထောက်ပံ့ငွေအများအပြားတိုးမြှင့်ပေးဖို့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုက လမ်းဖွင့်ပေးလိုက်ပါတယ်။

တနင်္လာနေ့၊ ဖီဖာလက်အောက်ခံ တိုက်ကြီး ၆ တိုက်ရဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတွေဆီ ပေးပို့ခဲ့တဲ့ စာတစ်စောင်ထဲမှာ အင်ဖန်တီနိုက "တာဝန်ယူမှုရှိရှိ ပံ့ပိုးပေးနိုင်မယ့် အမြင့်မားဆုံး ထပ်ဆောင်း ထောက်ပံ့ငွေ ပမာဏ" ကို ထောက်ခံပေးနိုင်တယ်လို့ ပြောကြားခဲ့ပေမဲ့ လက်ရှိဆွေးနွေးနေတဲ့ ကိန်းဂဏန်တွေဆိုတာ အတည်ပြုထားတဲ့ ကတိကဝတ်တစ်ခု မဟုတ်သေးဘူးလို့ သတိပေးခဲ့ပါတယ်။

သူ့ကို ရာထူးမှနုတ်ထွက်ဖို့အထိ တောင်းဆိုမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး နောက်ပိုင်းမှာ ပြန်လည် ဖျက်သိမ်းခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့စီးပွားရေးဆိုင်ရာအခွင့်အရေးတစ်စိတ်တစ်ပိုင်းကို ရောင်းချမယ့် အစီအစဉ်နဲ့အတူ ဘောလုံးလောကအတွက် နောက်ထပ်ငွေကြေးတွေ ရှာဖွေပေးဖို့ ရည်ရွယ်ခဲ့တယ်လို့လည်း အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။

"အခုအခါ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့ လတ်တလောစီးပွားရေးအဆိုပြုချက်နဲ့အတူ ဖီဖာက ဘောလုံးလောကထဲမှာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်အောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်" လို့ အင်ဖန်တီနိုက ရေးသားခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာတော့ အင်ဖန်တီနိုအပေါ် ဝေဖန်သူတွေ ဖြစ်ကြတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ စီဖာရင်နဲ့ မြောက်အမေရိက၊ ဗဟိုအမေရိကနှင့် ကာရစ်ဘီယံဒေသဘောလုံးအဖွဲ့ချုပ် (CONCACAF) ဥက္ကဋ္ဌ မွန်တက်ဂလီယာနီတို့က ၂၀၂၇ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အကြား လေးနှစ်တာကာလအတွက် ဖီဖာအဖွဲ့ဝင်နိုင်ငံတိုင်း ဒေါ်လာ ၁၀ သန်းစီ ရရှိသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်ဖန်တီနိုကလည်း တခြားဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို လိုက်လျောပံ့ပိုးပေးနိုင်တယ်လို့ အကြံပြုတုံ့ပြန်ခဲ့ပါတယ်။

"ဖီဖာရဲ့ သင့်လျော်တဲ့စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်မှတဆင့် တာဝန်ယူမှုရှိရှိ ပံ့ပိုးပေးနိုင်မယ့် အမြင့်မားဆုံးထပ်ဆောင်းထောက်ပံ့ငွေပမာဏကို ကျွန်တော် ထောက်ခံသွားပါမယ်" လို့ သူက ပြောပါတယ်။

အခုဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေဆီ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ယူဆောင်လာမယ့် သူ့ရဲ့အစီအစဉ်ကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပေမဲ့ လာမယ့်မတ်လရွေးကောက်ပွဲမှာတော့ အင်ဖန်တီနိုကိုယ်တိုင် ဖီဖာဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ စက်တင်ဘာလအစောပိုင်းမှာ ဖီဖာက အတည်ပြုခဲ့ပါတယ်။

အင်ဖန်တီနိုဘက်မှာလည်း ထောက်ခံသူတွေ ရှိနေပါတယ်။ အင်ဖန်တီနိုကို ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင် ဆော်ဒီအာရေဗျအပြင် အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF) နဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) တို့ကလည်း ထောက်ခံပေးထားကြပါတယ်။