The network connection is lost.

Banner Image

အငြင်းပွားမှုတွေ ပေါ်ပေါက်နေချိန် အင်ဖန်တီနိုကို အပြည့်အ၀ထောက်ခံလိုက်တဲ့ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားတွေ အကြီးအကျယ်ခံစားနေရတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို ထောက်ခံလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေခွင့်ပြုမယ့်အစီအစဉ် ပျက်ပြားသွားပြီးနောက် ဥရောပ၊ မြောက်အမေရိကနဲ့ အာရှဘောလုံးအဖွဲ့ချုပ်တွေက အင်ဖန်တီနိုကို ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။။

ဒီအဖွဲ့ချုပ်တွေရဲ့အကြီးအကဲတွေ လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာမှာတော့ ဖျက်သိမ်းလိုက်တဲ့စီမံကိန်းနဲ့ပတ်သက်လို့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြင့် ပြန်လည်စစ်ဆေးဖို့ တောင်းဆိုထားသလို အင်ဖန်တီနိုကိုယ်တိုင် လိမ်လည်လှည့်ဖြားမှုတွေနဲ့ ယုံကြည်မှုကို ဖျက်ဆီးခဲ့ပြီး အများအကျိုးထက် ကိုယ့်ကိုယ်ကျိုးကိုသာ အလေးပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဖီဖာဥက္ကဋ္ဌကို ရာထူးမှဆင်းပေးဖို့ ဖိအားတွေ ဘယ်လိုပဲ ရှိနေပါစေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတလျှောက် နီးနီးကပ်ကပ်လက်တွဲလုပ်ကိုင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ကတော့ အင်ဖန်တီနိုကို ကာကွယ်ပြောဆိုပေးဖို့ အသင့်ရှိနေခဲ့ပါတယ်။

ထရမ့်က အင်ဖန်တီနိုသာမရှိရင် ဖီဖာအတွက် အောင်မြင်မှု သို့မဟုတ် အကျိုးအမြတ်တွေ အခုလောက်အထိ မရရှိနိုင်ဘူးလို့ ဆိုပါတယ်။

"ဖီဖာက အကြောင်းပြချက်တစ်ခုခုကြောင့် ဥက္ကဋ္ဌအင်ဖန်တီနိုကို အစားထိုးဖို့ စဉ်းစားမယ်ဆိုရင် ဒါဟာ တကယ့်ကို ဆိုးရွားတဲ့ အမှားကြီး ဖြစ်ပါလိမ့်မယ်။ အင်ဖန်တီနိုက အရမ်းတော်ပါတယ်။ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ဆလောက် ပိုပြီးအောင်မြင်အောင် ဦးဆောင်နိုင်ခဲ့သူပါ" လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အင်ဖန်တီနိုက ထရန့်နဲ့ အတော်လေးရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ထရန့်ကို ပထမဆုံးအကြိမ်ဖီဖာငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ပါတယ်။ ဒါက ဘောလုံးပရိသတ်အများစုရဲ့မုန်းတီးမှုကို ခံနေရတဲ့ ဖီဖာဥက္ကဋ္ဌရဲ့ နောက်ထပ် အငြင်းပွားစရာ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

ထရန့်ရဲ့ထောက်ခံမှုက The Daily Telegraph နဲ့ ယူအီးအက်ဖ်အေတို့မှတစ်ဆင့် အင်ဖန်တီနိုရဲ့အရှုပ်တော်ပုံတစ်ခု ပေါ်ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်လာပါတယ်။ အဲဒီအရှုပ်တော်ပုံမှာတော့ ယူအီးအက်ဖ်အေအတွင်းရေးမှူးချုပ်တာဝန်ယူချိန် ပုဂ္ဂိုလ်ရေးပတ်သက်မှုရှိသူ အမျိုးသမီးတစ်ဦးကို ရာထူးမှထွက်ခွာချိန် ငွေပေးချေမှု ပြုလုပ်ခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။