The network connection is lost.

Banner Image

မန်စီးတီးဖြစ်စဉ်နောက်ပိုင်း ပွင့်လင်းမြင်သာရှိရေး တောင်းဆိုချက်ကို လာလီဂါဥက္ကဋ္ဌ တီဘတ်စ် ထပ်မံအတည်ပြု

ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို မန်စီးတီးအသင်း ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာနဲ့ သမာသမတ်ကျမှုကို ကာကွယ်ဖို့ ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်သွားရန် လာလီဂါဥက္ကဋ္ဌတီဘတ်စ်က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မန်စီးတီးအတွက် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး သတင်းမီဒီယာတွေရဲ့ဖော်ပြချက်နဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ဥက္ကဋ္ဌအယ်လ်မူဘာရက်က အပြစ်မရှိဘူးလို့ စနေနေ့မှာ အခိုင်အမာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

မန်စီးတီးက တိကျမှန်ကန်တဲ့ ဘဏ္ဍာရေးအချက်အလက်တွေအပြင် ကစားသမားတွေနဲ့ နည်းပြတွေကို လစာပေးချေမှုနဲ့စပ်လျဉ်းတဲ့ အသေးစိတ်အချက်အလက်တွေပေးပို့ရန် ပျက်ကွက်ခြင်း၊ ဘဏ္ဍာရေးရေရှည်တည်တံ့မှုဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခြင်း၊ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ပျက်ကွက်ခြင်းတို့လို စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
 
လူမှုကွန်ရက်မှတဆင့် တီဘတ်စ်က "အခု ဖြစ်ပျက်ခဲ့တဲ့အရာတွေက ဘောလုံးလောကရဲ့ သမာသမတ်ကျမှုနဲ့ ရေရှည်တည်တံ့မှုကို ကာကွယ်ဖို့အတွက် စီးပွားရေးဆိုင်ရာ ထိန်းချုပ်မှုတွေ၊ ပွင့်လင်းမြင်သာမှုနဲ့ လူတိုင်းအတွက် တူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေဖို့ဆိုတာ အရေးကြီးတယ်ဆိုတဲ့အချက်ကို နောက်တစ်ကြိမ်ထပ်မံပြသလိုက်တာပါပဲ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ပြိုင်ဆိုင်မှုဆိုင်ရာရည်မှန်းချက်တွေကို အရှိန်မြှင့်တင်ဖို့အတွက် ပင်လယ်ကွေ့နိုင်ငံတွေရဲ့ကြီးမားလှတဲ့ စီးပွားရေးအရင်းအမြစ်တွေအပေါ် အမှီသဟဲပြုထားတဲ့ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့လို ကလပ်အသင်းတွေနဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ်ကတည်းကပင် စတင်ထောက်ပြပြောဆိုခဲ့သူတွေထဲမှာ သူကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်လို့ တီဘတ်စ်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း လာလီဂါဥက္ကဋ္ဌက Forbes နဲ့ Deloitte တို့ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းနှစ်ခုဖြစ်တဲ့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာအားသာချက်တွေကို ကာကွယ်ပေးဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့လည်း မကြာခဏ ရင်ဆိုင်ရလေ့ ရှိပါတယ်။