The network connection is lost.

Banner Image

လီဗာပူးဆီပြောင်းရွှေ့ဖို့ မအောင်မမြင်ဖြစ်ခဲ့ရပုံကို အမ်ဘာပေ ဖွင့်ဟလာ

အမ်ဘာပေက ၂၀၁၇ ခုနှစ်အတွင်း လီဗာပူးဆီ ပြောင်းရွှေ့မယ့် အစီအစဉ် ပျက်ပြားသွားခဲ့ပုံအကြောင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
 
အဲ့ဒီအချိန်တုန်းက လီဗာပူးနည်းပြဖြစ်တဲ့ယာဂန်ကလော့ပ်ကိုယ်တိုင် အမ်ဘာပေရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးဖို့အတွက် ဘလက်ပူးမြို့မှ နိုက်စ်မြို့အထိ သီးသန့်ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီမှာ ဂျာမာန်သားကြီးနဲ့ အမ်ဘာပေတို့မိသားစု တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
 
လီဗာပူးကို သဘောကျနှစ်သက်ခဲ့ပေမဲ့လည်း ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက ၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင် ၁၅၃ သန်းဖြင့် ပါရီအခြေစိုက် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကလော့ပ်က အမ်ဘာပေအတွက် ကြိုးပမ်းမှုကို လီဗာပူးအသင်းအတွက် "တရားဝင်ဖြစ်မလာခဲ့တဲ့ ကုန်ကျစရိတ်အများဆုံး အပြောင်းအရွှေ့" လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။
 
အခုသီတင်းပတ်၊ The Athletic နဲ့ အင်တာဗျူးမှာတော့ အမ်ဘာပေက လီဗာပူးနဲ့ ကလော့ပတ်တို့ကို သူ့ရဲ့မိခင်ဖြစ်သူ အလွန်သဘောကျနှစ်ခြိုက်ခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့သာ စိတ်ပိုင်းဖြတ်ထားခဲ့တယ်လို့ ပြန်လည်ပြောပြခဲ့ပါတယ်။
 
"ကျွန်တော့်ရဲ့မြို့တော် ပဲရစ်မှာ ကစားချင်ခဲ့လို့ အမေရဲ့စကားကို ကျွန်တော် နားမထောင်ခဲ့ပါဘူး။ နာမည်တစ်ခု မရလာသေးခင် ကျွန်တော် ဒီနိုင်ငံမှ မထွက်ခွာချင်ခဲ့ပါဘူး။ အမေကတော့ 'လီဗာပူး - သား အဲဒီကို သွားရမယ်၊ အန်ဖီးလ်မှာ ကစားရတယ်ဆိုတာ သားအတွက် ရူးသွပ်စရာ ကောင်းနေလိမ့်မယ်' လို့ အမြဲပြောလေ့ရှိပြီး ကျွန်တော်ကတော့ 'ဟုတ်ကဲ့ပါ' လို့ပဲ ပြန်ပြောခဲ့ပါတယ်" လို့ အမ်ဘာပေက ဖွင့်ဟပါတယ်။
 
"အမေကိုယ်တိုင်လည်း ကနဦးဆွေးနွေးမှုတွေအတွက် အဲ့ဒီကို သွားခဲ့ပါတယ်။ မြို့ထဲရောက်ခဲ့တယ်၊ ကွင်းထဲအထိ သွားခဲ့တယ်၊ လူတိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေက 'ဒါ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကလပ်အသင်းပဲ၊ လူတိုင်းလည်း အရမ်းကြင်နာကြတယ်၊ မိသားစုဆန်တဲ့ ကလပ်တစ်ခု၊ အသင်းကြီးတစ်ခုပဲ' လို့ ပြောခဲ့ပါတယ်"
 
"အမေက အန်ဖီးလ်ကွင်းဆီ သွားခဲ့ပြီး အဲဒီကွင်းကို အရမ်းသဘောကျသွားခဲ့ပါတယ်။ အားပေးမှုအငွေ့အသက်ကို ခံစားဖို့နဲ့ ဒီကွင်းကြီးထဲမှာ ကျွန်တော် ကစားနေတာကို မြင်ယောင်ကြည့်ချင်တာကြောင့် ပွဲတချို့ကို တစ်ယောက်တည်းတောင် သွားကြည့်ခဲ့ပါတယ်"
 
"ကျွန်တော်တို့ အချိန်တိုင်း စကားပြောဖြစ်ခဲ့ကြပါတယ်။ 'အမေ ဘယ်လိုထင်လဲ' လို့ မေးရင် အမေက 'ငါ့အမြင်အရတော့ မင်း လီဗာပူးကို သွားရမယ်' လို့ ပြောပါတယ်။ ကျွန်တော်လည်း 'ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ' လို့ပဲ ပြန်ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဂန်ကလော့ပ်ဆိုတာ အလွန်အံ့ဩစရာကောင်းနည်းပြတစ်ဦး ဖြစ်နေလို့ပါပဲ။ သူ့ကို ကျွန်တော် တွေ့ဆုံခဲ့ဖူးသလို ကျွန်တော်တို့အကြားမှာ ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ်။ သူ့ကို အရမ်းလေးစားခဲ့ပါတယ်" လို့ ဆိုပါတယ်။

အခုတော့ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိနေပြီး နည်းပြသစ်မော်ရင်ဟိုလက်အောက် ခြေစွမ်းပြသနို်ငဖို့ ကြိုးစားနေပါတယ်။