ဟာလန်းကို ဘာကြောင့်ကာကွယ်ပေးခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ နော်ဝေအသင်းနည်းပြဆိုလ်ဘတ်ကန်
မန်စီးတီးအသင်းနဲ့ပတ်သက်တဲ့ အမှုအခင်းသတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုသီတင်းပတ်အတွင်း ဟာလန်းကို ဘာကြောင့်ကာကွယ်ပေးခဲ့ရသလဲဆိုတာ နော်ဝေအသင်းနည်းပြဆိုလ်ဘတ်ကန်က ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဟာလန်းက ပေါ်တူဂီနဲ့ရင်ဆိုင်ရတဲ့ တနင်္ဂနွေနေ့နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် နော်ဝေလက်ရွေးစင်အသင်းရဲ့ မီဒီယာတွေ့ဆုံမှုတာဝန်ကို ရယူဖို့ စီစဉ်ထားပေမဲ့ စီစဉ်ထားသလို မဖြစ်လာခဲ့ဘဲ သူ့နေရာမှာ ဘင်ဖီကာကစားသမားတွေဖြစ်တဲ့ ရှဂျယ်ဒါရပ်နဲ့ အောနက်စ်တို့ ပြောင်းလဲတာဝန်ယူခဲ့ပါတယ်။
မန်စီးတီးအတွက် ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်လိုက်ပါစေ၊ အယူခံဝင်သွားဖွယ်ရှိနေပြီး မီဒီယာတွေမှာလည်း သတင်းတွေပျံ့နှံ့နေလို့ ဟာလန်းကို ပွဲအပေါ်အာရုံစူးစိုက်မှု အပြည့်အ၀ရှိနေစေရန်အတွက် မီဒီယာတွေရဲ့မေးခွန်းတွေနဲ့ ရှောင်ရှားစေရေး လိုလားခဲ့တယ်လို့ ဆိုလ်ဘတ်ကန်က ပြောပါတယ်။
မန်စီးတီးက ပရီးမီးယားလိဂ်မှစွဲဆိုထားတဲ့ စွဲချက် ၁၁၅ ချက်အနက် ၁၁၄ ချက်မှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး အခုသီတင်းပတ်အတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြလာပါတယ်။ ဒီစွဲချက်တွေက ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကာလတွေနဲ့သက်ဆိုင်ပြီး သတင်းတွေအရ မန်စီးတီးရဲ့ဆုဖလားအောင်မြင်မှုတွေ ရုပ်သိမ်းခံရနိုင်တယ်လို့ သိရပါတယ်။
"သေချာတာပေါ့၊ ကျွန်တော်တို့ အာရုံစိုက်ချင်သလို သူ့ကိုလည်း ပွဲအပေါ် အာရုံစိုက်နိုင်မယ့် အကောင်းဆုံး အခြေအနေတွေ ဖန်တီးပေးချင်လို့ပါ။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဘာအကြောင်းအရာတွေ ဖြစ်ပျက်နေလဲဆိုတာ ခင်ဗျားတို့အားလုံး သိကြပါတယ်။ ဒါက နေရှင်းစ်လိဂ်နဲ့ရော၊ ကျွန်တော်တို့လုပ်ဆောင်ရမယ့် အရာတွေနဲ့ပါ ဘာမှမသက်ဆိုင်ပါဘူး။ မနေ့က ရိုဒရီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက ဒီကိစ္စအတွက် ကောင်းမွန်တဲ့ ဥပမာတစ်ခုပါပဲ" လို့ ဆိုလ်ဘတ်ကန်က ပြောပါတယ်။
"ဒါကြောင့် သူ လုပ်ဆောင်သင့်တဲ့ အရာဖြစ်တဲ့ နော်ဝေအတွက် ဂိုးသွင်းယူရေးကိုသာ အာရုံစိုက်ထားတာ သင့်တော်တယ်လို့ ထင်ပါတယ်။ အဲဒါက အရေးကြီးဆုံးအရာ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သဘောတူကြလိမ့်မယ်လို့ ထင်ပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်း လူတိုင်း စိတ်အေးအေးထားသင့်တယ်ဆိုတဲ့ ဗြိတိသျှဝန်ကြီးချုပ်ပြောခဲ့တဲ့စကားကို ကျွန်တော် ကိုးကားချင်ပါတယ်။ ဒါကို ကျွန်တော် ထောက်ခံပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာစကား ထပ်မရှိတော့ပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောဖို့အတွက် အခြေခံအချက်အလက်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ သိထားသလောက်ပဲ ကျွန်တော်လည်း သိထားလို့ပါပဲ" လို့ ဆက်ပြောပါတယ်။
ဟာလန်းက အခုသီတင်းပတ်အစောပိုင်း၊ စကင်ဒီနေးဗီးယန်းဒေသတွင်းပြိုင်ဘက်ဒိန်းမတ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် သူသာ စိတ်အေးလက်အေးနဲ့ ဘေးစကားတွေကို လျစ်လျူရှုထားမယ်ဆိုရင် ပေါ်တူဂီနဲ့ပွဲစဉ်မှာလည်း နောက်ထပ်သွင်းဂိုးတွေ ထပ်ရရှိလာနိုင်ပါတယ်။
မန်စီးတီးကတော့ လာမယ့်သီတင်ပတ်တွေအတွင်း အယူခံဝင်ရန်အတွက် တရားဥပဒေကြောင်းအရ စိန်ခေါ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။