The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့ ရှယ်ယာတွေကို Clearlake ထံ ရောင်းချလိုက်ပြီဖြစ်တဲ့ ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီနဲ့ ဝေါ်လ်တာ

Clearlake Capital Group က ချဲလ်ဆီးပူးတွဲပိုင်ရှင်တွေဖြစ်ကြတဲ့ တော့ဒ်ဘိုလီနဲ့ မာ့ခ်ဝေါ်လ်တာတို့ရဲ့ အနည်းစု ရှယ်ယာတွေကို အပြီးအပိုင် ဝယ်ယူသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်ကို အပြည့်အဝ ထိန်းချုပ်သွားတော့မယ်လို့ အသင်းက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပေါင် ၉၅၀ သန်း ဝန်းကျင် တန်ကြေးရှိမယ်လို့ ခန့်မှန်းရတဲ့ ဒီသဘောတူညီချက် ပြီးဆုံးသွားပြီးနောက် အမေရိကန်နိုင်ငံသား ဘိုလီက ကလပ်ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်သွားမှာ ဖြစ်ပါတယ်။

ဘာဒတ်အက်ဂ်ဘာလီနဲ့ ဟိုဆေးအီးဖီလီစီယာနိုတို့ ပူးတွဲတည်ထောင်ထားတဲ့ Clearlake က အဆိုပါ ရှယ်ယာတွေကို ဝယ်ယူဖို့အတွက်  ရှယ်ယာရှင်ဖြစ်တဲ့ ဆွစ်ဇာလန် ဘီလျံနာ ဟန်းစ်ယော့ဂ်ဝစ်စ်နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

 ချယ်လ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှတော့ "အသင်းလျှောက်လှမ်းနေတဲ့ မဟာဗျူဟာမြောက် လမ်းကြောင်းကို ဆက်လက် တည်ဆောက်သွားဖို့နဲ့ ပိုင်ရှင်အဖွဲ့တစ်ခုလုံး အတူတကွ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားဖို့ Clearlake က ရည်ရွယ်ထားပါတယ်" လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် "ကလပ်အသင်းရဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်မှုတွေ၊ ဦးဆောင်မှု ဒါမှမဟုတ် မဟာဗျူဟာတွေမှာ တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိလာမှာ မဟုတ်ပါဘူး" လို့လည်း ဆိုပါတယ်။

ဘိုလီ၊ ဝေါ်လ်တာ၊ ဝစ်စ်နဲ့ Clearlake တို့က ချယ်လ်ဆီးအသင်းကို ၂၀၂၂ ခုနှစ် မေလတုန်းက ယခင်ပိုင်ရှင်ဖြစ်တဲ့ ရုရှားဘီလျံနာ ရိုမန်အေဘရာမိုဗစ်ချ်ဆီကနေ ပေါင် ၄ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူညီချက်နဲ့ ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

Los Angeles Dodgers ဘေ့စ်ဘောအသင်းရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ ဘိုလီက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့တာက ဂုဏ်ယူစရာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

"Clearlake အပါအဝင် ပိုင်ရှင်အဖွဲ့တစ်ခုလုံးနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရခဲ့တာကို ကျွန်တော် တန်ဖိုးထားပါတယ်။ ကလပ်အသင်းရဲ့ လက်ငင်းနဲ့ ရေရှည် အောင်မြင်မှုတွေအတွက် ကျွန်တော်တို့ အတူတကွ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အလွန် အလေးထားပါတယ်။ Clearlake ရဲ့ ဦးဆောင်မှုအောက်မှာ ချယ်လ်ဆီးအသင်းအနေနဲ့ အောင်မြင်မှုတွေ ဆက်လက်ရရှိဖို့ အနေအထားကောင်းမှာ ရှိနေတယ်ဆိုတာကို ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်" လို့ ဘိုလီက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ရာသီအစ ပွဲစဉ်တွေမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နဲ့အတူ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။