ဗန်ဒိုက်ရဲ့လက်ရွေးစင်ကစားသမားဘ၀ အနားယူမယ့် အစီအစဉ်အပေါ် နှုတ်ဆိတ်နေတဲ့ အီရာအိုလာ
လီဗာပူးနည်းပြအီရာအိုလာက အသင်းခေါင်းဆောင်ဗန်ဒိုက်နဲ့ နယ်သာလန်နည်းပြသစ်ဇာဗီတို့အကြား ဗဟိုနောက်ခံလူရဲ့လက်ရွေးစင်ကစားသမားဘ၀အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးနေတယ်လို့ အတည်ပြုလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းရှုံးထွက်အဆင့်မှ စိတ်ပျက်ဖွယ်ထွက်ခွာလာရပြီးနောက် နယ်သာလန်နည်းပြရာထူးကို ရော်နယ်ကိုးမန်း စွန့်လွှတ်ခဲ့ပြီး သူ့ရဲ့နေရာမှာ ဇာဗီ အစားထိုးဝင်ရောက်လာပါတယ်။
ဒါကြောင့် ဘာစီလိုနာနည်းပြဟောင်းက နှစ် ၅၀ ဝန်းကျင်ကာလအတွင်း နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရမယ့် ဒတ်ခ်ျလူမျိုးမဟုတ်တဲ့ ပထမဦးဆုံးနည်းပြ ဖြစ်လာပြီး ဖြေရှင်းစရာ ပြဿနာပေါင်းများစွာနဲ့လည်း ကြုံတွေ့နေရပါတယ်။
နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၉၆ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ ဗန်ဒိုက်ရဲ့လီဗာပူးကစားသမားဘ၀စာချုပ်သက်တမ်း နောက်ဆုံးကိုးလတာကာလဆီ ဝင်ရောက်လာလို့ လာမယ့်နွေရာသီကာလအလွန် သူ့ရဲ့အစီအစဉ်တွေနဲ့ပတ်သက်လို့ ကောလာဟလတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
ဇာဗီကတော့ အသက် ၃၅ နှစ်အရွယ်ကစားသမားကို လက်ရွေးစင်အသင်းမှာ ဆက်လက်ပါဝင်အောင် ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေသလို လီဗာပူးကလည်း သူတို့ရဲ့အသင်းခေါင်းဆောင်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုး စာချုပ်ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။
အီရာအိုလာက "ဇာဗီရော၊ ဗန်ဒိုက်နဲ့ပါ ကျွန်တော်စကားပြောခဲ့ပေမဲ့ ဒါတွေက သီးသန့်ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ဘက်က ထုတ်ပြောနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်" လို့ အတည်ပြုခဲ့ပါတယ်။
"ကျွန်တော် ဇာဗီကို ကောင်းကောင်းသိပါတယ်။ သူက အက်သလက်တီကိုမက်ဒရစ်နဲ့ ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ကြပါတယ်"လို့ ဆိုပါတယ်။
ဇာဗီက လာမယ့်ရက်ပိုင်းအတွင်း ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်တွေအတွက် လူစာရင်းကို ထုတ်ပြန်ကြေညာသွားဖို့ ရှိနေပြီး ဗန်ဒိုက်လည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။