The network connection is lost.

Banner Image

ဘာစီလိုနာအတွက် ရက်ရှ်ဖို့ဒ်ထက် ဂေါ်ဒွန် ပိုမိုသင့်တော်တယ်လို့ ရှင်းပြလိုက်တဲ့ ဒေကို

အခုနွေရာသီကာလ၊ ရက်ရှ်ဖို့ဒ်ကို အမြဲတမ်းစာချုပ်ဖြင့်ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းငြင်းပယ်ခဲ့မှုက ဂေါ်ဒွန်ကိုခေါ်ယူချင်တဲ့ သူတို့ရဲ့ဆန္ဒနဲ့လည်း တစိတ်တပိုင်း သက်ဆိုင်နေပါတယ်။
 
ရက်ရှ်ဖို့ဒ်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ကတ္တလန်မြေမှာ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းယူခဲ့သလို လာလီဂါချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
 
တဖက်မှာလည်း နည်းပြဟန်စီဖလစ်ခ်ကိုယ်တိုင်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး မန်ချက်စတာယူနိုက်တက်နဲ့ သဘောတူညီမှုရရှိရင် ရက်ရှ်ဖို့ဒ်ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ လမ်းဖွင့်ပေးထားခဲ့ပါတယ်။
 
ဒါပေမဲ စပိန်ဘီလူးကြီးက အပြောင်းအရွှေ့စျေးကွက်မှာ အခြားပစ်မှတ်တွေကို ရှာဖွေဖို့အတွက် အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ ပေါင်သန်း ၃၀ တန် အပြီးသတ်ဝယ်ယူခွင့်အပိုဒ်ခွဲကို အသက်မသွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဂေါ်ဒွန်အတွက် ပေါင်သန်း ၈၀ တန် အပြောင်းအရွှေ့သဘောတူညီမှုကို အပြီးသတ်နို်ငခဲ့လို့ ဒီသဘောတူညီချက်အပေါ်ပဲ ပိုမိုအာရုံစိုက်ခဲ့ပြီး ဒါက ရေရှည်အတွက် ပိုမိုအဓိပ္ပါယ်ရှိတယ်လို့ အားကစားဒါရိုက်တာဒေကိုကိုယ်တိုင် ယူဆထားခဲ့ပါတယ်။
 
ဒေကိုက "ကျွန်တော်တို့ ရပ်ရှ်ဖို့ဒ်ကို အလွန်ကျေးဇူးတင်ပါတယ်" ဆိုပါတယ်။
 
"သူက ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် အများကြီးကူညီပေးခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ ကစားဟန်စိတ်ကူးက ဂေါ်ဒွန်နဲ့ ပိုမိုဆက်စပ်နေပါတယ်။ သူ့ရဲ့ကစားဟန်က နည်းပြ လိုချင်တဲ့ပုံစံနဲ့ ကိုက်ညီပါတယ်"
 
"ဂေါ်ဒွန်ရဲ့အပြောင်းအရွှေ့ကိစ္စမှာတော့ သူက ကျွန်တော်တို့ လိုအပ်နေတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်"
 
"ကျွန်တော်တို့ဘက်မှာ ပိုမိုပြင်းပြတဲ့ စွမ်းဆောင်ရည်တွေကို လိုအပ်နေပါတယ်။ တောင်ပံကစားသမားတွေ အများကြီးကို ကျွန်တော်တို့ လေ့လာဆန်းစစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ကစားသမားတစ်ဦးကို ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲပေမဲ့ ဟန်စီဖလစ်ခ်ကတော့ သူဘာလိုချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်းအသိပေးခဲ့ပြီး ကျွန်တော်တို့လည်း သဘောတူညီချက်ရရှိအောင် လုပ်ဆောင်ခဲ့ကြပါတယ်" လို့ ဒေကိုက ဆက်ပြောပါတယ်။