ချန်ပီယံလိဂ်ဖလား ရယူဖို့အတွက် ဖိအားလုံးဝမရှိဘူးလို့ မော်ရင်ဟို ပြောကြား
ဒီည၊ ဆန်တီယာဂိုဘာနေဗျူးမှာ ကစားရမယ့် စီးရီးအေချန်ပီယံ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရငိဟိုက အသင်းမှာ ဒုတိယအကြိမ်ပြန်လည်တာဝန်ယူချိန်အတွင်း ချန်ပီယံလိဂ်ဆုဖလားရယူဖို့အတွက် ဖိအားတွေ မခံစားရပါဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ချန်ပီယံလိဂ်ဆုဖလားဆို မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဘ၀ ပထမအကြိမ်သက်တမ်းအတွင်း လွဲချော်ခဲ့ဖူးတဲ့ တစ်ခုတည်းသော ဆုဖလား ဖြစ်ပါတယ်။ အသင်းအပေါ် အကြွေးတင်နေသလို ခံစားရသလားလို့ မေးမြန်းရာမှာ မော်ရင်ဟိုက "မဟုတ်ပါဘူး၊ ဒါက ကွဲပြားခြားနားတဲ့ သက်တမ်းနှစ်ခုပါ" လို့ ဖြေကြားခဲ့ပါတယ်။
"၂၀၁၃ ခုနှစ်၊ ကျွန်တော်ထွက်ခွာသွားချိန်မှာ ရခဲ့တဲ့အရာတွေ ရှိသလို ဆုံးရှုံးခဲ့တဲ့အရာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ပြီးတဲ့အရာတွေလည်း ပြီးသွားခဲ့ပါပြီ။ အခုအချိန်၊ ကျွန်တော်လုပ်ဆောင်ရမယ့်အရာတွေက အတိတ်နဲ့ ဘာမှမဆိုင်တော့ပါဘူး"
"၂၀၁၀ ပြည့်နှစ်ဝန်းကျင်မှာဆိုရင် ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်တောင် မရောက်ရှိခဲ့သလို ဆီမီးဖိုင်နယ်ကစားခဲ့မှုဆိုတာလည်း နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ အခုတော့ ကျွန်တော်တို့က ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်းမှာတင် ချန်ပီယံလိဂ်ဆုဖလားကို ခြောက်ကြိမ်တိုင် ရယူထားနိုင်ခဲ့ပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့၊ လာလီဂါပွဲစဉ်မှာ ဘက်တစ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မော်ရင်ဟိုရဲ့ဒုတိယမြောက်သက်တမ်းကာအတွင်း ပထမဆုံးအကြိမ်ကြုံတွေ့ခဲ့တဲ့ ဆုတ်ယုတ်မှုအပေါ် ရီးရဲလ်မက်ဒရစ်အသင်း ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။
"ကျွန်တော်တို့လည်း ပွဲတိုင်း၊ ပြိုင်ပွဲတိုင်းကို အနိုင်ယူချင်ပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုရှိလာအောင် လုပ်ဆောင်ရပါမယ်။ တည်ငြိမ်မှု၊ တည်ငြိမ်မှု၊ တည်ငြိမ်မှု ...... ပြီးတော့ စနစ်တကျဖွဲ့စည်းတည်ဆောက်မှုပေါ့ ပွဲတိုင်း၊ ပြိုင်ပွဲတိုင်းကို အနိုင်ယူချင်တာပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။
"ဒါကြောင့် ရီးရဲလ်မက်ဒရစ်အတွက် ကြီးကျယ်တဲ့အရာတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် အလွန်အရေးကြီးတဲ့တည်ငြိမ်မှုမျိုး ရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာ ရီးရဲလ်မက်ဒရစ်ပါပဲ၊ ဒီနေရာမှာ ဘာပဲဖြစ်ဖြစ် အနိုင်ရအောင် ကစားဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။