ဂျပန်အန်နီမေးရှင်းတွေကို ချစ်မြတ်နိုးသလို ဖီဖာဂိမ်းမှတဆင့် ကျောနံပါတ်ရှာဖွေခဲ့တဲ့ ဘာကိုလာရဲ့ ကွင်းပြင်ပလူနေမှုဘ၀
ဘာကိုလာက ပေါင်သန်း ၁၂၀ တန်သဘောတူညီမှုဖြင့် ပီအက်စ်ဂျီမှထွက်ခွာကာ လီဗာပူးဆီ ပူးပေါင်းလာပါပြီ။
အခုနွေရာသီ၊ ဂန်းနားတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမားက သူ့ရဲ့နောက်ထပ်ခရီးမှတ်တိုင်အဖြစ် အန်ဖီးလ်ကွင်းကို ရွေးချယ်ခဲ့ပါတယ်။
ဒါကြောင့် ဘာကိုလာက အင်္ဂလန်အနောက်မြောက်ပိုင်းဒေသမှာ ဂျပန်ကာတွန်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေပါလိမ့်မယ်။
ဒီတောင်ပံကစားသမားက anime အမာခံပရိသတ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အကြိုက်ဆုံးကာတွန်းစာအုပ်အမည်တွေနဲ့ Studio Ghibli ရုပ်ရှင်တွေကို ရည်ညွှန်းတဲ့ တက်တူးအမြောက်အမြား ထိုးနှံထားပါတယ်။
တချိန်တည်းမှာပဲ ပုံမှန်မဟုတ်တဲ့ ကျောနံပါတ် ၂၉ ကို ရွေးချယ်ခဲ့မှုရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။
ဒါက FIFA 17 ဂိမ်းအပေါ် ချစ်မြတ်နိုးမှုမှတဆင့် ပေါ်ပေါက်လာတဲ့ ရလဒ်ဖြစ်ပြီး လူငယ်ဘ၀မှာပင် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀စတင်ချိန် ဒီကျောနံပါတ်ကို ဝတ်ဆင်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘာကိုလာရဲ့ကွင်းပြင်ပဘဝက ကွင်းတွင်းခြေစွမ်းပိုင်းလိုပဲ စိတ်ဝင်စားစရာ အပြည့်ရှိနေပါတယ်။
**ဂျပန်ယဉ်ကျေးမှု**
လိုင်ယွန်မြို့ဆင်ခြေဖုံး၊ ဗီလာယူဘန်းအရပ်မှာ ကြီးပြင်းခဲ့တဲ့ ဘာကိုလာက ငယ်စဉ်ကတည်းကပင် ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားခဲ့ပါတယ်။
အထူးသဖြင့် ဂျပန်ရုပ်ပြစာအုပ်နဲ့ အန်နီမေးတွေကို ဘာကိုလာ အတော်လေးစိတ်ဝင်စားပါတယ်။
သူ့ရဲ့အကြိုက်ဆုံးဇာတ်လမ်းတွေထဲမှာ Spirited Away၊ Tokyo Ghoul၊ Jujutsu Kaisen နဲ့ Princess Mononoke တို့ ပါဝင်ပါတယ်။
ဒီဝါသနာက မြီးကောင်ပေါက်အရွယ်အထိ ဆက်ရှိနေခဲ့ပြီး ဘာကိုလာကိုယ်တိုင်လည်း အကြိုက်ဆုံးအန်နီမေးဇာတ်ကောင်တွေနဲ့ ဂျပန်ယဉ်ကျေးမှုအပေါ် ဂုဏ်ပြုတဲ့ တက်တူးတွေကို ခန္ဓာကိုယ်မှာ ရေးထိုးထားပါတယ်။
သူ့ရဲ့ကျောပေါ်မှာဆိုရင် Hannya မျက်နှာဖုံးဝတ်ဆင်ထားတဲ့ ဆာမူရိုင်းပုံစံ ကြီးမားတဲ့ တက်တူးတစ်ခု ရှိနေပါတယ်။
ဒီလက်ရာရဲ့နောက်ခံပုံရိပ်မှာတော့ ချယ်ရီပန်းတွေဖူးပွင့်နေပုံနဲ့ ဂျပန်ရိုးရာ စေတီပုထိုးပုံစံကို မြင်တွေ့နိုင်ပါတယ်။
သူ့ရဲ့လက်ဖျံအောက်ပိုင်းမှာတော့ Spirited Away ဇာတ်ကောင်တွေကို ရည်ညွှန်းထားတဲ့ အစိတ်အပိုင်းတစ်ခုလုံး ရှိနေပါတယ်။
Tokyo Ghoul ရဲ့ Ken Kaneki ဇာတ်ကောင်ကိုလည်း ဘာကိုလာရဲ့လက်မောင်းပေါ်မှာ မြင်တွေ့ရပါလိမ့်မယ်။
တချိန်တည်းမှာပဲ Ryomen Sukuna တက်တူးကိုလည်း ဒီလူငယ်ရဲ့ပုခုံးပေါ်မှာ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။
နောက်ဆုံးအဖြစ် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ကျော်ကြားလှတဲ့အန်နီမေးရုပ်ရှင် Princess Mononoke ကို ရည်ညွှန်းတဲ့ တက်တူးအမြောက်အမြား ရှိနေပါတယ်။
"အထူးသဖြင့် ကျွန်တော့်ရဲ့တက်တူးတွေကို လူတွေမြင်ကြချိန်တိုင်း ဒီမေးခွန်းကို အမြဲလိုလိုမေးလေ့ရှိကြပါတယ်" လို့ ဘာကိုလာက Club Legacyz ဆီ ပြောကြားခဲ့ပါတယ်။
"အဖြေကတော့ ရိုးရှင်းပါတယ်၊ ဒါက ကျွန်တော် ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မန်ဂါနဲ့ အန်နီမေးတွေဆီမှ ရရှိလာတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေက ကျွန်တော့်အတွက် အမြဲလိုလို စိတ်ကူးစိတ်သန်းတွေ ပေးခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့လက်မောင်းပေါ်မှာ အဲ့ဒီအရာတွေကို တက်တူးထိုးချင်စိတ် ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးပါတယ်။ ကျွန်တော့်အတွက်တော့ ဘယ်နေရာပဲသွားသွား အမှတ်တရတွေသယ်ဆောင်သွားနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်မှာလည်း ဘာကိုလာက Club Legacyzနဲ့ ပူးပေါင်းပြီး မန်ဂါပုံစံဖန်တီးထားတဲ့ စုဆောင်းမှုအမှတ်တရဘောလုံးကို ဖန်တီးခဲ့ပါတယ်။
ဒီဘောလုံးမှာ ဂျပန်စာသား၊ တိမ်တိုက်ဒီဇိုင်း၊ ရုပ်ပုံဖော်ပြချက်တွေအပြင် ဘာကိုလာရဲ့ ကိုယ်ပိုင်အောင်ပွဲခံဟန်နဲ့ သူ့ရဲ့ကွင်းတွင်းဖြတ်သန်းမှုလမ်းကြောင်းကို ကိုယ်စားပြုတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။
၆၈ ပေါင်ဝန်းကျင်တန်ဖိုးရှိတဲ့ ဒီဘောလုံးက စတင်ရောင်းချပြီး မကြာမီမှာပဲ ပစ္စည်းလက်ကျန်မရှိ ရောင်းချနိုင်ခဲ့ပါတယ်။
ဘာကိုလာက "ဒီအထူးဘောလုံးကို ဖန်တီးချိန် ကျွန်တော့်ရဲ့ပုံရိပ်ကို ထင်ဟပ်စေချင်ခဲ့ပါတယ်။ ဂျပန်ကမ္ဘာ၊ တိမ်တိုက်တွေနဲ့ မန်ဂါပုံစံ... ဒါတွေက ကျွန်တော် သဘောကျတဲ့ အရာအားလုံးပါပဲ။ ကျွန်တော့်ရဲ့အောင်ပွဲခံတဲ့ပုံစံကိုတောင် ဒီဘောလုံးမှာ ကိုယ်စားပြု ဖော်ပြထားပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
"ဒါက ကျွန်တော့်ကိုယ်ပိုင်လူနေမှုပုံစံ ရာနှုန်းပြည့်ဖြစ်နေလို့ အံ့ဩစရာ ကောင်းပါတယ်။ ဒီဘောလုံးက ကျွန်တော့်ရဲ့ဝါသနာတွေနဲ့ ကွင်းတွင်းပုံရိပ်ကို ပေါင်းစပ်ထားပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော် ဒါကို သဘောကျတာပါ" လို့ ဆိုပါတယ်။
**ဗီဒီယိုဂိမ်းတွေလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့**
ပြင်သစ်မှာ ကြီးပြင်းခဲ့တဲ့ ဘာကိုလာရဲ့ကိုယ်ပိုင်စရိုက်ကို ပုံဖော်ပေးခဲ့တာက ဂျပန်ကာတွန်းဇာတ်လမ်းတစ်ခုတည်းတင် မဟုတ်ပါဘူး။
အခြားသက်တူရွယ်တူကစားသမားတွေလိုပဲ ကွင်းပြင်ပအားလပ်ချိန်တွေမှာ ဗီဒီယိုဂိမ်းကစားခြင်းက ဘာကိုလာရဲ့ဘ၀အတွက် အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
လူငယ်အများစုလိုပဲ ဖီဖာဂိမ်းက သူ့ရဲ့အချိန်ကာလအများစုကို ယူဆောင်သွားခဲ့ပါတယ်။ ဒီဂိမ်းရဲ့ "The Journey" ဇာတ်လမ်းမှာ ပါဝင်တဲ့ စိတ်ကူးယဉ်လူငယ်ကြယ်ပွင့် Alex Hunter ဇာတ်ကောင်က ပြင်သစ်ကြယ်ပွင့်အပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။
သူက PlayStation ပေါ်မှာ ကြယ်ပွင့်ဖြစ်လာမယ့် ဟန်တာရဲ့လမ်းကြောင်းကို အကြိမ်ကြိမ် ပါဝင်ကစားခဲ့ပြီးနောက် ဒီဂိမ်းဇာတ်ကောင်အပေါ် အလေးအနက် ဂုဏ်ပြုဖို့ ရွေးချယ်ခဲ့ပါတယ်။
ဘာကိုလာက လက်တွေ့ဘ၀မှာ အောင်မြင်တဲ့ဘောလုံးသမားတစ်ဦး ဖြစ်လာရင် ဒီကျောနံပါတ်ကိုပဲ ဝတ်ဆင်သွားမယ်လို့ ဆန္ဒပြုခဲ့ပါတယ်။
အတိတ်မှာ ဘာကိုလာက "ကျွန်တော် ငယ်ငယ်တုန်းက ဖီဖာဂိမ်း ကစားလေ့ ရှိပါတယ်။ Alex Hunter ပါဝင်တဲ့ ဇာတ်လမ်းပုံစံမှာ ဒီကျောနံပါတ်က ကျွန်တော့်အတွက် ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကျွန်တော့်စိတ်ထဲမှာ 'ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာတဲ့နေ့ကျရင် ကျောနံပါတ် ၂၉ ကို ဝတ်ဆင်မယ်' လို့ တွေးခဲ့ပါတယ်။
အခုဆိုရင် ကျွန်တော် ဒါကို ဝတ်ဆင်ခွင့်ရခဲ့ပြီး ဘယ်တော့မှ လက်လွှတ်သွားမှာ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။
**ဂိုးသွင်း အောင်ပွဲခံဟန်...**
ပုံမှန်အားဖြင့် ဘာကိုလာက ၎င်းရဲ့ဂိုးသွင်းပြီးအောင်ပွဲခံမှုတွေကို ကောင်းကင်ယံဆီ လက်ညှိုးညွှန်ပြီးသာ လုပ်ဆောင်လေ့ ရှိပါတယ်။
ဘာကိုလာက "ကစားသမားတိုင်းမှာ ကိုယ်ပိုင် အောင်ပွဲခံဟန်တွေ ရှိကြပြီး ကျွန်တော့်အတွက်တော့ ကောင်းကင်ယံဆီ လက်ညှိုးညွှန်ပြတဲ့ပုံစံ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော့်ဆီပေးအပ်ခဲ့တဲ့ အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော်ဂိုးသွင်းယူနိုင်ချိန်တိုင်းမှာ ဘုရားသခင်ကိုဂုဏ်ပြုတဲ့နည်းလမ်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ဒါပေမဲ့ အောင်ပွဲခံတဲ့ပုံစံတစ်ခုကတော့ အခြားအရာတွေထက် ပိုမိုထင်ရှားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ Stade Velodrome ကွင်းမှာ မာဆေးလ်နဲ့ရင်ဆိုင်ရချိန် ဂိုးသွင်းယူပြီးနောက် ဘာကိုလာက မတူကွဲပြားတဲ့အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
သူက ပီအက်စ်ဂျီကွင်းလယ်လူဟောင်းမာတူဒီကို ဂုဏ်ပြုမှုအဖြစ် ပြင်သစ် Rapper နစ်စကာရဲ့တေးသီချင်းမှတဆင့် မာတူဒီကို လူကြိုက်များစေခဲ့တဲ့ လင်းတတစ်ကောင်ပုံစံ "Charo" အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့ပါတယ်။
"ကျွန်တော်က မာတူဒီရဲ့ Charo အောင်ပွဲခံမှုပုံစံအတိုင်း လုပ်ဆောင်ဖို့ ကြိုတင်စီစဉ်ထားခဲ့ပါတယ်" လို့ ဘာကိုလာက ပြောကြားခဲ့ပါတယ်။
"ပွဲမတိုင်ခင်ညမှာ မာတူဒီရဲ့ပွဲစဉ်အဟောင်းဗီဒီယိုတွေကို ပြန်ကြည့်ရှုခဲ့ပြီး မနက်ဖြန် ဂိုးသွင်းနိုင်ရင် ဒီလိုပုံစံမျိုး အောင်ပွဲခံမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိခဲ့ပါတယ်"
"ဂိုးသွင်းယူပြီးချိန်မှာတော့ ဒါက အလိုလို ထွက်ပေါ်လာတာပါပဲ။ ကွင်းလုံးပြည့်လျှံနေတဲ့ Stade Velodrome ရှေ့မှောက် အခုလို အောင်ပွဲခံခွင့်ရရှိခဲ့တယ်ဆိုတာ တကယ့်ကို မှော်ဆန်လွန်းပါတယ်" လို့ ဆိုပါတယ်။
လီဗာပူးပရိသတ်တွေကတော့ ဘာကိုလာကိုယ်တိုင် ဂိုးတွေ ဆက်တိုက်သွင်းယူနေသရွေ့ ဘယ်လိုပုံစံမျိုးအောင်ပွဲခံပါစေ၊ စိတ်ထဲထားကြလိမ့်မယ်လို့ မထင်မြင်မိပါဘူး။