လီဗာပူးဆီ ပူးပေါင်းလာပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူဖို့ ချက်ချင်းပစ်မှတ်ထားလာတဲ့ ဘာကိုလာ
ဥရောပချန်ပီယံပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားဘာကိုလာကို ပေါင် ၁၀၆ သန်းဖြင့်ခေါ်ယူဖို့အတွက် လီဗာပူးအသင်းရဲ့ကာလရှည်ကြိုးပမ်းမှု နောက်ဆုံးမှာ အပြီးသတ်နိုင်ခဲ့ပါပြီ။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ယခုနွေရာသီ၊ လီဗာပူးရဲ့စတုတ္ထမြောက် ကစားသမားသစ် ဖြစ်လာပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲဆက် သရေကျထားတဲ့ အီရာအိုလာရဲ့အသင်းနဲ့ ချက်ချင်းဆိုသလို ပူးပေါင်းသွားဖို့ ရှိနေပါတယ်။
လီဗာပူးအသင်းက ယမန်နှစ်ဘောလုံးရာသီကုန်ဆုံးချိန်ကတည်းက မိုဆာလက်ရဲ့နေရာ အစားထိုးနိုင်မယ့်သူကို ရှာဖွေခဲ့ပါတယ်။ ဘာကိုလာကလည်း ဘယ်တောင်ပံမှာကစားရတာ ပိုနှစ်သက်ပေမဲ့ မိုဆာလက်ရဲ့ညာတောင်ပံနေရာကို ဖြည့်စွက်ဝင်ရောက်ကစားပေးနိုင်စွမ်း ရှိပါတယ်။
လိုင်ယွန်အကယ်ဒမီထွက်ကစားသမားက ၂၀၂၃ ခုနှစ်၊ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့လာပြီးနောက်၁၅၂ ပွဲ ကစားခဲ့ရာမှာ ၃၉ ဂိုး သွင်းယူပေးပါတယ်။
ရည်မှန်းချက်ကြီးမားသူ ဘာကိုလာက ၂၀၂၇ ခုနှစ်မှာ လီဗာပူးအသင်းအတွက် တတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးသွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
"အချိန်အတော်ယူခဲ့ရပေမဲ့ ဒီနေ့မှာ လီဗာပူးအတွက် ကစားခွင့် ရရှိပြီဖြစ်လို့ အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော်အလိုချင်ဆုံးတစ်ခုတည်းသောအရာက ကွင်းတွင်းမှာ ပါဝင်ကစားနိုင်ဖို့ပါပဲ။
ကျွန်တော်ကတော့ ရည်မှန်းချက်ကြီးကြီးမားမားတွေကို အောင်မြင်သွားအောင် လုပ်ဆောင်ချင်ပါတယ်။ ပထမဆုံးတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားဆွတ်ခူးဖို့ဆိုတာ ကျွန်တော့်ဘ၀ရဲ့အကြီးမားဆုံးအိပ်မက်တွေအနက် တစ်ခု ဖြစ်ပါတယ်။
ဒီအတိုင်းလုပ်ဆောင်သွားပြီး အသင်းနဲ့အတူ ရေရှည်လက်တွဲသွားချင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က ကာလရှည်စာချုပ်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီလိုလုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်"လို့ ဘာကိုလာက ပြောပါတယ်။
လာမယ့် စက်တင်ဘာ ၄ ရက်၊ အစ်ဆွစ်တောင်းနဲ့ရင်ဆိုင်ရမယ့် လီဗာပူးရဲ့အဝေးကွင်းပွဲစဉ်အတွက် အီရာအိုလာရဲ့အစီအစဉ်တွေမှာ ဘာကိုလာလည်း ပါဝင်လာနိုင်ပါတယ်။