မန်စီးတီးကြယ်ပွင့် ချာကီနဲ့ အိုရိုင်လေတို့ ပရီးမီးယားလိဂ်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာ
မန်စီးတီးအသင်းရဲ့ လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ရိုင်ယန်ချာကီနဲ့ နီကိုအိုရိုင်လေတို့ဟာ အခုရာသီမှာ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ချာကီဟာ အင်္ဂလန်မှာ ပထမဆုံးရာသီကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပြီး လိဂ်ပွဲစဉ်တွေမှာ ၄ ဂိုးသွင်းယူကာ ၁၁ ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပြင်သစ်ကစားသမားလေးဟာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ အရေးပါတဲ့ အာဆင်နယ်နဲ့ ချန်ပီယံလုပွဲမှာ တစ်ကိုယ်တော် အစွမ်းပြသွင်းဂိုး အပါအဝင် အမှတ်ရစရာ အခိုက်အတန့်ကောင်း အများအပြားကို ဖန်တီးပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အသင်းရဲ့ လူငယ်အကယ်ဒမီထွက် အိုရိုင်လေကလည်း ကွင်းလယ်ရော၊ ဘယ်နောက်ခံလူနေရာမှာပါ အထင်ကြီးလောက်စရာ ခြေစွမ်းပြနိုင်ခဲ့ပြီး မန်စီးတီးရဲ့ အတောက်ပဆုံး ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ၃၃ ပွဲ ကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးပေးထားပါတယ်။
သူတို့နှစ်ဦးဟာ ဘုန်းမောက်အသင်းက ဂျူနီယာခရူပီနဲ့ အဲလက်စ်စကော့၊ ဘရန့်ဖို့ဒ်က မိုက်ကယ်ကာယိုဒီ၊ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီမိနူး၊ နယူးကာဆယ်က လူးဝစ်ဟောနဲ့ ဝက်စ်ဟမ်းက မာတီယပ်စ်ဖာနန်ဒက်စ်တို့ ပါဝင်တဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဆန်ခါတင် ၈ ဦးစာရင်းမှာ အတူတူပါဝင်လာခဲ့တာ ဖြစ်ပါတယ်။