The network connection is lost.

Banner Image

ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို အသင်းလူစာရင်းဆီ ပြန်လည်ခေါ်ယူမယ့် အစီအစဉ်အတွက် အတည်ပြုပေးလိုက်တဲ့ ဆီမြွန်နီ

ဂျူလီယန်အယ်လ်ဗာရက်ဇ်က နည်းပြဒီယေဂိုဆီမြွန်နီရဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းအစီအစဉ်တွေဆီ အံ့အားသင့်ဖွယ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် ရာသီကြိုခရီးစဉ်ပြန်လည်ရောက်ရှိလာချိန် မက်ဒရစ်မြို့မှာရှိတဲ့ သူ့ရဲ့အနာဂတ် မရေမရာ ဖြစ်လာခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်က အခုနွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းမှ ထွက်ခွာပြီး လိဂ်တူပြိုင်ဘက်ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်တယ်လို့ ပြောကြားခဲ့ပြီးနောက် ဆီမြွန်နီကို အံ့အားသင့်စေခဲ့ပါတယ်။

ဆီမြွန်နီကတော့ မန်စီးတီးတိုက်စစ်မှူးဟောင်းကို ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့သလို အသင်းရဲ့အမှုဆောင်အရာရှိချုပ် မီဂွယ်လ်အိန်ဂျယ်လ် ဂီလ်မာရင်ကလည်း ကမ်းလှမ်းမှုမှန်သမျှကို ပယ်ချပြီး တိုက်စစ်မှူးကို အက်သလက်တီကိုအသင်းရဲ့လူစာရင်းဆီ ပြန်လည်ထည့်သွင်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဘာစီလိုနာအသင်းက အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွေအတွင်း ယူရိုသန်း ၁၅၀ ထက်မနည်းတဲ့ပမာဏမျိုးဖြင့် ကမ်းလှမ်းလာနိုင်သလို အယ်လ်ဗာရက်ဇ်ကိုယ်တိုင်လည်း ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်နဲ့ ပူးပေါင်းချင်တဲ့ဆန္ဒမျိုး မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ကြားရက်၊ မာလာဂါအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ လာလီဂါရာသီအဖွင့်ပွဲစဉ်မှာ မပါဝင်ခဲ့ပေမဲ့ ဗီလာရီးရဲလ်ကို ဧည့်ခံကစားမယ့် အသင်းလူစာရင်းမှာတော့ ပါဝင်လာလိမ့်မယ်လို့ ဆီမြွန်နီကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။

"အသင်းလူစာရင်းမှာ အယ်လ်ဗာရက်ဇ် ပါဝင်ပါလိမ့်မယ်။ သူ့ရဲ့ကြံ့ခိုင်မှုပိုင်း တိုးတက်ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့က ပွဲကစားချိန်ကို စနစ်တကျ ကိုင်တွယ်နေပြီး ပြိုင်ဘက်တွေမှာတော့ အဲဒီပြဿနာမျိုး မရှိပါဘူး။

ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပါရစေ။ မရေမရာဖြစ်စရာ ဘာမှမရှိပါဘူး။ မီဂွယ်လ်အိန်ဂျယ်လ်လည်း ရှင်းရှင်းလင်းလင်းပြောကြားပြီးပါပြီ။ ကျွန်တော့်အတွက်တော့ သူက အသင်းရဲ့အားကစားဆိုင်ရာရည်မှန်းချက်တွေ အောင်မြင်စေဖို့အတွက် အဓိကအရေးကြီးတဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ကျွန်တော်တို့က သူ့ကို ပံ့ပိုးပေးပြီး စောင့်ရှောက်သွားပါမယ်။ ဘာကြောင့်လို့လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့ကစားသမားဖြစ်ပြီး အက်သလက်တီကိုမှာ သူရှိနေသရွေ့ ကျွန်တော် အဲဒီအတိုင်း လုပ်ဆောင်သွားပါမယ်" လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။