The network connection is lost.

Banner Image

မန်စီးတီးရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းချိုးဖောက်မှုစွဲချက်တွေကို ရှင်းလင်းပေးဖို့ အာဆင်နယ်အမှုဆောင်ချုပ်တောင်းဆို

အာဆင်နယ်အသင်းအမှုဆောင်အရာရှိချုပ်ရစ်ချတ်ဂါးလစ်ခ်က မန်စီးတီးအသင်းအပေါ် စွဲဆိုထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြတ်သားမှုရှိစေဖို့ တောင်းဆိုလိုက်ပါတယ်။

အခုသီတင်းပတ်အစောပိုင်း၊ ပရီးမီးယားလိဂ်အမှုဆောင်ချုပ်ရစ်ချတ်မာစတာက မန်စီးတီးအသင်းရဲ့အမှုတွေနဲ့ပတ်သက်လို့ "အရာအားလုံး လျှို့ဝှက်ထားရမယ်"လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သတင်းအချက်အလက်အနည်းငယ်သာ ထွက်ပေါ်လာမှုအတွက် ပရိသတ်တွေ စိတ်ပျက်နေရမှုအပေါ် နားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။

စည်းမျဉ်းချိုးဖောက်မှုတစုံတရာပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ အစဉ်တစိုက်ငြင်းဆိုလာခဲ့တဲ့ မန်စီးတီးအသင်းက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စွဲချက်တင်ခြင်း ခံလိုက်ရပေမဲ့ သုံးနှစ်နီးပါး ကြာမြင့်ချိန်အထိ အပြီးသတ်ရလဒ်နဲ့ပတ်သက်လို့ အဖြေထွက်လာခြင်း မရှိသေးပါဘူး။

ကနဦးမှာ ကလပ်အသင်းက စည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြခဲ့ပေမဲ့ သီးခြားရာသီအလိုက် ချိုးဖောက်မှုတွေကို ရေတွက်ပုံပြောင်းလဲပြင်ဆင်မှုကြောင့် လက်ရှိမှာတော့ စည်းမျဉ်းချိုးဖောက်မှုစွဲချက်အရေအတွက် ၁၃၀ အထိ ရှိလာတယ်လို့ ဖော်ပြနေကြပါတယ်။ 

BBC Sport နဲ့တွေ့ဆုံချိန် ဂါးလစ်ခ်က အခုသီတင်းပတ်ကုန်စတင်တော့မယ့် ပရီးမီးယားလိဂ်ရာသီသစ်မတိုင်ခင် တံခါးပိတ်စစ်ဆေးနေတဲ့ ဒီအမှုတွေနဲ့ပတ်သက်လို့ အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်းသိချင်ကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"အတော်လေး ကြာမြင့်နေပါပြီ။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရော၊ အသင်းတွေအပါအဝင် လူတိုင်းက နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားမှုကို လိုချင်ကြပါတယ်။

ဒါပေမဲ့ ဒါက ကျွန်တော် ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်သလို ကြိုတင်ခန့်မှန်းနိုင်တဲ့ အရာလည်း မဟုတ်ပါဘူး။

ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုထွက်ပေါ်လာဖို့ပဲ ကျွန်တော်မျှော်လင့်ပါတယ်" လို့ ဂါးလစ်ခ်က ဆိုပါတယ်။

ချဲလ်ဆီးအသင်းကတော့ ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အေးဂျင့်တွေဆီ ငွေပေးချေမှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းချိုးဖောက်မှုကို ဝန်ခံခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့အတွင်း ချဲလ်ဆီးအသင်းအတွက် ပြစ်ဒဏ်ကို ဒဏ်ကြေးပေါင် ၁၀ သန်းနဲ့ အပြောင်းအရွှေ့ကာလနှစ်ခုအထိ ကစားသမားသစ်မှတ်ပုံတင်ခွင့်မပြုမယ့် ဆိုင်းငံ့ပြစ်ဒဏ်ကို ချမှတ်ခဲ့ပါတယ်။ မန်စီးတီးရဲ့စည်းမျဉ်းချိုးဖောက်မှုတွေကတော့ ပိုမိုပြင်းထန်ပြီး ကိုယ်တိုင်ဝန်ခံခဲ့ခြင်းမျိုး မရှိတာကြောင့် ၎င်းတို့ရရှိထားတဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ပြန်လည်ရုပ်သိမ်းခံရနိုင်ခြေရှိတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။