The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ကို ချန်ပီယံပြေးလမ်းမှ ဖယ်ထုတ်ထားတဲ့ အလန်စမစ်

အင်္ဂလန်တိုက်စစ်မှူးဟောင်းအလန်စမစ်က ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ သီတင်းတစ်ပတ်အလိုမှာ ချန်ပီယံဆုအတွက် သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။

လက်ရှိချန်ပီယံအာဆင်နယ်အသင်းက ဘရူနိုဂူမာယေးစ်နဲ့ဇိုးလစ်တို့လို ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားပြီး နည်းပြအာတီတာနဲ့အတူ ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

တစ်ဖက်မှာလည်း လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့လို အသင်းတွေက ကစားသမားသစ်တွေ၊ နည်းပြသစ်တွေနဲ့အတူ အာဆင်နယ်ရဲ့ချန်ပီယံဆုကို လုယူဖို့ ပြင်ဆင်နေကြပါတယ်။

ရာသီသစ်မှာ ဖြစ်လာနိုင်တဲ့ အချက်တွေ အများကြီးရှိနေသေးလို့ အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ ရလဒ်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ ခက်ခဲပေမဲ့ အလန်စမစ်ကတော့ ဂန်းနားတွေကို စိန်ခေါ်နိုင်မယ့်ကလပ်အသင်း တစ်ခုတည်းသာရှိတယ်လို့ Metro နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

"ကျွန်တော်ထင်တာကတော့ မန်စီးတီးပဲ အာဆင်နယ်ကို အဓိကစိန်ခေါ်ပါလိမ့်မယ်။ သူတို့မှာ နည်းပြသစ်ရှိနေလို့ မာရက်စ်ကာကိုယ်တိုင် ကစားသမားတွေနဲ့ ဘယ်လောက်အထိ အသားကျမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပေမဲ့ သူတို့ကပဲ တစ်ဦးတည်းသော စိန်ခေါ်သူ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မြင်ထားပါတယ်" လို့ အလန်စမစ်က ဆိုပါတယ်။

"သူတို့အောက်မှာ အသင်းတွေ အများကြီးရှိနေပေမဲ့ လောလောဆယ်မှာတော့ (အာဆင်နယ်နဲ့ မန်စီးတီးအကြားမှာပဲ ချန်ပီယံဆုတိုက်ပွဲ ရှိနေပါဦးမယ်"

"ကျွန်တော်ကတော့ အာဆင်နယ်ပဲ ထပ်ပြီးအနိုင်ရပါစေလို့ မျှော်လင့်ရင်း သူတို့ကိုပဲ ရွေးချယ်ချင်ပါတယ်။ ဒုတိယကတော့ မန်စီးတီးပေါ့။ ယူနိုက်တက်ကတော့ မနှစ်တုန်းက အဆင့် ၃ ရခဲ့သလို ဒီနှစ်မှာလည်း အရင်ထက် ပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်" လို့ စမစ်က ဆက်ပြောပါတယ်။

"ကာရစ်လည်း အသင်းမှာ အသားကျစပြုလာလို့ ယူနိုက်တက်က တတိယ၊ လီဗာပူးက စတုတ္ထ၊ ချယ်လ်ဆီးကတော့ နည်းပြအလွန်ဆိုလက်အောက်မှာ အရင်ထက် အများကြီး ပိုကောင်းလာနိုင်ပါတယ်။ ကစားသမားသစ်တွေလည်း ခေါ်ထားတာမို့လို့ သူတို့ကို ထိပ်ဆုံးငါးသင်းစာရင်းမှာ တွေ့ရနိုင်ပြီး အဆင့်-၆ နေရာအတွက်တော့ အက်စတွန်ဗီလာက ရေပန်းအစားဆုံးပါပဲ" လို့ သူက သုံးသပ်ခဲ့ပါတယ်။

၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ကို သြဂုတ် ၂၁ ရက်မှာ လက်ရှိချန်ပီယံ အာဆင်နယ် vs တန်းတက်ကိုဗင်ထရီစီးတီးတို့ရဲ့ပွဲစဉ်နဲ့အတူ စတင်သွားပါမယ်။